◾ မုတ်သုန်မိုး သည်းထန်စွာရွာသွန်း၍ အိန္ဒိယနိုင်ငံတစ်ဝန်း လူသေဆုံးမှုများရှိ
၉.၇.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး နိုင်ငံတစ်ဝန်း ခရီးသွားလာမှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည့် အကြောင်းဖြစ်ရပ်များစွာအနက် နောက်ဆုံးဖြစ်ရပ်အဖြစ် မြို့တော်ဒေလီတွင် ဇူလိုင်လ ၈ ရက် ညနေက ဆောက်လုပ်ဆဲ လေးထပ်အဆောက်အအုံတစ်ခု ပြိုကျမှုတွင် အနည်းဆုံး လူလေးဦးသေဆုံးခဲ့ရကြောင်း သိရသည်။
အဆောက်အအုံ ပြိုကျမှုက ညနေ ၄:၃၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အလုပ်သမားများနှင့် ဘေးမှရပ်ကြည့်နေသူများစွာသည် အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့သည်။ ရဲတပ်ဖွဲ့၏ နောက်ဆုံးရသတင်းများအရ သေဆုံးသူများတွင် အလုပ်သမားနှစ်ဦး၊ ဒေသခံအပ်ချုပ်သမားတစ်ဦးနှင့် အိမ်ခြံမြေပိုင်ရှင်၏ မိသားစုဝင်တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
ဒေသဆိုင်ရာအာဏာပိုင်များ၊ အမျိုးသား ကပ်ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ NDRF နှင့် အရေးပေါ်အဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ညတွင်းချင်းပင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြသည်။ အဆောက်အအုံပြိုကျမှုအပျက်အစီးများကြားမှ လူတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းဌာန ANI က ဖော်ပြခဲ့သည်။
အိန္ဒိယမြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ မိုးလေဝသဌာနက ဒေလီနှင့် အိမ်နီးချင်း ဟာယာနာပြည်နယ်၏ အစိတ်အပိုင်းအချို့အတွက် အနီရောင် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
မကြာသေးမီရက်အနည်းငယ်အတွင်း အိန္ဒိယပြည်နယ်အတော်များများသည် ရာသီဥတုဆိုးရွားမှုနှင့် ဆက်စပ်သောဖြစ်ရပ်များနှင့် ရင်ဆိုင်နေရပြီး အိန္ဒိယတောင်ပိုင်း၊ ဝါယာနတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူလေးဦးသေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။
နိုင်ငံအနောက်ပိုင်း မဟာရတ်ရှ်ထရာ (Maharashtra) ပြည်နယ်တွင် ယခုအပတ်အစောပိုင်းတွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သော ဖြစ်ရပ်များကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့သည်။ ပူနေး (Pune) မြို့တွင်လည်း အမှိုက်သန့်စင်စက်ရုံတစ်ခုတွင် အမှိုက်ပုံကြီးတစ်ခုပြိုကျပြီးနောက် အနည်းဆုံး လူခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကိုးဦးပိတ်မိနေဖွယ်ရှိကြောင်း သိရသည်။
နိုင်ငံ၏ အခြားနေရာများတွင်လည်း အဝေးပြေးလမ်းမကြီးများ ရေလွှမ်းမိုးနေပြီး ဒေသခံများသည် ဒူးခေါင်းအထိရှိသော ရေများကြားတွင် ဖြတ်သန်းသွားလာနေကြရသည်။
Ref- Reuters
