သက်တံ့
၈. ၇. ၂၀၂၆
ဂျပန်နိုင်ငံတွင် အနည်းဆုံး ယန်း ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆၁,၆၀၀ ခန့်) အကြွေးတာဝန်ရှိနေသည့် ကုမ္ပဏီလုပ်ငန်းများ ဒေဝါလီခံရမှု (Bankruptcies) သည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း ယခင်နှစ်ကာလတူထက် ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဖြစ်စဉ်ပေါင်း ၅,၃၄၆ ခုအထိ ရှိလာခဲ့ရာ၊ ယင်းသည် ၁၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အရေအတွက် ၅,၀၀၀ ကျော်လွန်သွားခြင်းဖြစ်ကြောင်း ခရက်ဒစ်သုတေသနကုမ္ပဏီတစ်ခု၏ ယနေ့ ဇူလိုင် ၈ ရက် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
တိုကျိုရှိုကိုသုတေသနအဖွဲ့ (Tokyo Shoko Research) ၏ အဆိုအရ ယင်းကဲ့သို့ ဒေဝါလီခံရမှု မြင့်တက်လာရခြင်းမှာ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းနေချိန်တွင် ငွေကြေးဖောင်းပွမှု ပိုမိုမြန်ဆန်လာခြင်းကြောင့်ဖြစ်ပြီး၊ ယင်းအခြေအနေက အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအခြေအနေကို ပိုမိုကျပ်တည်းစေလျက်ရှိသည်။
ထို့ပြင် ဆက်တိုက်ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှုပြဿနာကလည်း လုပ်ငန်းများအပေါ် ဖိအားများကို ပိုမိုဆိုးရွားစေနေကြောင်း အဆိုပါသုတေသနကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သလို ဆောင်းဦးရာသီမှစ၍ ဒေဝါလီခံရသည့်နှုန်း ပိုမိုမြန်ဆန်လာနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
ဒေဝါလီခံရသည့် လုပ်ငန်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းမှာ ဝန်ထမ်း ၁၀ ဦးအောက်သာရှိသော လုပ်ငန်းများဖြစ်ပြီး၊ ယန်းသန်း ၁၀၀ အောက် အကြွေးတာဝန်ရှိနေသည့် လုပ်ငန်းများမှာ ၈၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဆက်စပ်ပြီး ဒေဝါလီခံရသည့် ဖြစ်စဉ်ပေါင်းမှာ ယခင်နှစ်ကာလတူထက် ၂၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာကာ ၄၃၉ ခုအထိ ရှိလာခဲ့ပြီး၊ လုပ်သားရှားပါးမှုနှင့် ဆက်စပ်သည့် ပျက်စီးဆုံးရှုံးမှုများမှာ ၃၇ ဒသမ ၇ ရာခိုင်နှုန်းအထိ ခုန်တက်သွားကာ ၂၃၇ ခု ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်များထဲတွင် လုပ်အားခစရိတ် မြင့်တက်လာမှုကြောင့် ဒေဝါလီခံရသည့် ဖြစ်စဉ်မှာ ၂ ဒသမ ၄ ဆအထိ ထိုးတက်သွားပြီး ၁၂၀ ခုအထိ ရှိခဲ့ကြောင်း စစ်တမ်းအရ သိရသည်။
စီးပွားရေးကဏ္ဍအလိုက် ကြည့်မည်ဆိုပါက ကဏ္ဍကြီး ၁၀ ခုအနက် ၈ ခုတွင် ဒေဝါလီခံရမှု မြင့်တက်ခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှာ ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ကာ ဖြစ်စဉ် ၁,၈၁၉ ခုဖြင့် အရေအတွက်အများဆုံး ဖြစ်နေပြီး၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဖြစ်စဉ် ၁,၀၂၆ ခုဖြင့် ဒုတိယအများဆုံး ဖြစ်သည်။
ဇွန်လတစ်လတည်းတွင်ပင် ဒေဝါလီခံရမှုမှာ ယခင်နှစ်ကာလတူထက် ၂၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့ပြီး ၁,၀၂၁ ခု ရှိခဲ့ရာ၊ ယင်းသည် ပြီးခဲ့သည့် ၂၅ လအတွင်း တစ်လတာ ဒေဝါလီခံရမှု အရေအတွက် ၁,၀၀၀ ကျော်လွန်သွားသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
Ref : Xinhua
