သတိုး
၈. ၇. ၂၀၂၆
ရန်ကုန် – လွိုင်ကော် ခရီးစဥ်အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်းက လက်မှတ်ခ ကျပ် ၃၂၀၀၀၀ ဝန်းကျင်ဖြင့် အမြန်ဆုံး ပြန်လည် ပြေးဆွဲပေးမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထွန်းလူကပြောကြားသည်။
ယနေ့ ပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ရွှေက ပြည်သူများ အဆင်ပြေရန်အတွက် ရပ်နားထားခဲ့မှု အချိန်ကာလကြာမြင့်နေပြီဖြစ်သည့် ရန်ကုန် – လွိုင်ကော် အသွားအပြန်ခရီးကို မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် ပုဂ္ဂလိကလေကြောင်းလိုင်းများအနေဖြင့် မည်သည့်အချိန်တွင် စတင်ပြေးဆွဲပေးမည်နည်းဆိုသည်နှင့် မည်သည့်နှုန်းထားနှင့် ပြန်ပြေးဆွဲပေးမည်ကို မေးမြန်းမှုအပေါ် ပိုဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်သည် ၂၀၂၁ ခုနှစ် ရှေ့ပိုင်းတွင် လူဦးရေသုံးသိန်းခန့် နေထိုင်သည့် ပြည်နယ်ငယ်လေးဖြစ်ပြီး လက်ရှိအချိန်တွင် လူဦးရေ ၆၀၀၀၀ ကျော် ပြန်လည်နေထိုင်နေကာ နေထိုင်သူများမှာလည်း စားဝတ်နေရေးအတွက် စျေးရောင်းစျေးဝယ်၊ ကျပန်း၊ ခြံလုပ်ငန်း၊ လယ်ယာ၊ တောင်ယာလုပ်ငန်းများသာ လုပ်ကိုင်ကြပြီး စီးပွားရေးနိမ့်ပါးသလို ဆေးကုသရာတွင်လည်း လွိုင်ကော်မြို့နှင့် လွိုင်ကော်မြို့နယ်မှတစ်ဆင့် အခြားသောမြို့ကြီးများသို့လည်း သွားရောက်ကုသနေသလို အဆင်ပြေခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်ဘေး၊ ကပ်ဘေးများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။ သို့သော်လည်း ယခုကာလတွင် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ထိုသို့ ကောင်းမွန်လာသော်လည်း လေကြောင်းလိုင်းများ ပြေးဆွဲမှုရပ်တန့်သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်းနှင့် ပြည်သူများသက်သာစေရန်အတွက် အရှုံးအမြတ်ပဓာနမထားဘဲ ပြေးဆွဲပေးပါရန်လည်း ဦးမောင်ရွှေက ထည့်သွင်းမေးမြန်းသည်။
PDF နှင့် ကယားလက်နက်ကိုင်များက လွိုင်ကော်မြို့ကို သိမ်းနိုင်ရေးအတွက် ပြည်သူများကိုပင် အသက်အန္တရာယ်ရန်ရှာကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မှ လွိင်ကော်သို့ ပျံသန်းလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခဲ့မှုကြောင့် ခရီးသည်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သလို ၂၀၂၃ ခုနှစ် ဩဂုတ်လမှစတင်ကာ ကယားအကြမ်းဖက်လက်နက်ကိုင်များက မြို့သိမ်းတိုက်ပွဲအရှိန်မြှင့်ခဲ့သည့်နောက်ပိုင်း လေယာဉ်ပြေးဆွဲမှုများ ရပ်နားခဲ့ရသည်။ ထို့နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ရှေ့ပိုင်းတွင် ကယားအကြမ်းဖက်လက်နက်ကိုင်များအား တပ်မတော်က လွိုင်ကော်မြို့မှ တိုက်ထုတ်အပြီး လွိုင်ကော်လေယာဉ်ကွင်း ပြန်လည်ပြုပြင်ခြင်းများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အခြေအနေအကြောင်းကြောင့် Air Kambawza လေကြောင်းလိုင်းက ၂၀၂၃ ခုနှစ် ဩဂုတ် ၃၀ ရက်မှာ ပျံသန်းမှုကို ရပ်နားခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်မှာတော့ မြန်မာအမျိုးသားလေကြောင်းလိုင်းက လေကြောင်းပျံသန်းမှု ရပ်နားခဲ့ပါတယ်။ လက်ရှိမှာဆို လေယာဉ်ပြေးလမ်းအနေနဲ့ အရှည် ၇၀၀၀ ပေ၊ အကျယ် ၇၅ ပေမှာ လေယာဉ်များ အဆင်းအတက် အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ လေဆိပ် အဆောက်အဦမှာလည်း ခရီးသည်များ ကောင်းမွန်စွာဝင်ထွက်အသုံးပြုနိုင်ပါတယ်။ လေကြောင်းဆက်သွယ်ရေးစက်များလည်း တပ်ဆင်ထားရှိပြီး ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ လေယာဉ်လမ်းပြကိရိယာ ကောင်းမွန်မှုရှိပါတယ်။ လေယာဉ်ဆင်းတက်မှု အထောက်အကူပြု၊ လေယာဉ်ကွင်းလျှပ်စစ်မီး ကောင်းမွန်မှုရှိပါတယ်။ အရန်ဓာတ်အားပေးမီးစက် 25kVA တစ်လုံးနဲ့ 37.5kVA တစ်လုံးတပ်ဆင်ထားရှိပြီး ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ လွိုင်ကော်လေယာဉ်ကွင်း ထိခိုက်ပျက်စီးမှု ပြုပြင်ခြင်းတွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အလုံးစုံပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါတယ်။ လေယာဉ်ကွင်းမှာ လေယာဉ်ဆင်းတက်အသုံးပြုနိုင်ဖို့ အဆင်သင့်ရှိနေတဲ့အတွက် လေယာဉ်ဆင်းသက်မှုအတွက် နေ့စဉ် နံနက် ၆ နာရီကနေ ညနေ ၅ နာရီ လေယာဉ်ကွင်းကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ယခုအခါ ကယားပြည်နယ်အစိုးရမှ မြန်မာအမျိုးသားလေကြောင်းလိုင်းအား လွိုင်ကော်လေဆိပ်မှာ လေယာဉ်ဆင်းတက်အသုံးပြုနိုင်ရေးအတွက် နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နိုင်တဲ့အနေအထားဖြစ်ကြောင်း ပြန်ကြားချက်လည်း ရရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ လေယာဉ်ပြေးဆွဲမှုကို ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အမြန်ဆုံးဆောင်ရွက်ပြီးတော့ ပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်”ဟု ဦးထွန်းလူက ဖြေကြားသည်။

ထို့အပြင် ရန်ကုန် – လွိုင်ကော်ခရီးစဥ်အတွက် လေယာဉ်လက်မှတ်ခ ကျပ် ၃၂၀၀၀၀ ဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်းလည်း ပိုဆောင်ရေးဒုတိယဝန်ကြီးက ပြောကြားသည်။
ပုံစာ။ အပြစ်မဲ့ပြည်သူများလိုက်ပါလာသော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်အား PDF နှင့် ကယားလက်နက်ကိုင်များ ပစ်ခတ်ခဲ့စဉ်က မြင်ကွင်းအချို့
