၆. ၅. ၂၀၂၅
Written by Thettant
ထိုင်း – မြန်မာနယ်စပ်အနီး ကန်ချနာဘူရီပြည်နယ်တွင် လေတပ်ရေဒါဖြင့် ဖမ်းမိသော အမျိုးအမည်မသိပျံသန်းနေသည့် လေယာဥ်တစ်စင်းကို ကြားဖြတ်ဟန့်တားရန် ထိုင်းတော်ဝင်လေတပ်က တိုက်လေယာဥ်နှစ်စင်း စေလွှတ်ခဲ့ရမှု ယနေ့ဖြစ်ပွားခဲ့သည်။
ထိုင်းတော်ဝင်လေတပ်၏ ပြောရေးဆိုခွင့်ရှိသူ လေတပ် ဒုတိယဗိုလ်ချုပ်ကြီး ပရာပတ် ဆွန်ဂျိုင်ဒီက တိုက်လေယာဥ်နှစ်စင်းစေလွှတ်ရမှုကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က လုပ်ဆောင်ခဲ့ပြီး နခွန်ဆဝန်ပြည်နယ်၊ တာ့ခ်လီမြို့နယ်ရှိ အမှတ် ၄ တောင်ပံမှ F-16 တိုက်လေယာဉ်နှစ်စင်းကို လေတပ်မှ စေလွှတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကန်ချနဘူရီပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်အနီးတွင် လေတပ်ရေဒါဖြင့် ဖမ်းမိသော မည်သူမည်ဝါမှန်း မသိရသည့် လေယာဉ်တစ်စင်းကို ဖော်ထုတ်ရန်နှင့် ကြားဖြတ်တားဆီးရန်အတွက် ယခုကဲ့သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ကန်ချနာဘူရီသည် လတ်တလော မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်နေသော ရေး၊ ထားဝယ် စသည့် ဒေသများနှင့် ထိစပ်နေပြီး တိုက်လေယာဥ်နှစ်စင်းစေလွတ်ခဲ့သည့် ရလဒ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကိမူ ဆက်လက်ထုတ်ပြန်လာခြင်းမရှိသေးချေ။
Ref, Khaosod
