၆.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ပိတီဟက်ဆတ် (Pete Hegseth) က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ကြယ်လေးပွင့် အဆင့်မြင့်အရာရှိကြီးတွေ အရေအတွက်ကို ၂၀ ရာခိုင်နှုန်းလျှော့ချဖို့ မေလ ၅ ရက်က အမေရိကန်စစ်တပ်မှာ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် သမ္မတဒေါ်နယ်ထရန့်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းကာလ အစိုးရလက်ထက် အစပိုင်းမှာပဲ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဌာနချုပ် ပင်တဂွန်ကို တုန်လှုပ်ချောက်ချားစေတဲ့ အမိန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဟက်ဆက်က အမေရိကန်စစ်တပ်မှာ စစ်ဘက်အဆင့်မြင့်အရာရှိကြီးတွေအရေအတွက်က လိုအပ်တာထက် များပြားနေလွန်းတယ်ဆိုတာ အရင်ကလည်း ပြောခဲ့ဖူးပါတယ်။
Fox News သတင်းဌာနရဲ့ သတင်းတင်ဆက်သူဟောင်းလည်းဖြစ်တဲ့ ဟက်ဆက်က သမ္မတထရန့်ရဲ့ အမျိုးသားလုံခြုံရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့နဲ့ သူကခွဲခြားဆက်ဆံမှုလို့ဆိုခဲ့တဲ့ မတူကွဲပြားမှု ဆောင်ရွက်ချက်တွေကို ဖယ်ရှားနိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှာ ကြည်းရေလေ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေကို ဖယ်ရှားပြီး ဌာနကို ပြန်လည်ဖွဲ့စည်းဖို့ရာ အံ့ဩဖွယ်အရှိန်အဟုန်နဲ့ ပြုလုပ်လာခဲ့တာပါ။
Reuters သတင်းဌာနက ပထမဆုံးတင်ပြခဲ့တဲ့ သတင်းမှတ်တမ်းတစ်ခုမှာဆိုရင်လည်း ဟက်ဆက်က အမျိုးသားအစောင့်တပ်ဖွဲ့က ဗိုလ်ချုပ်ကြီးအဆင့်ရာထူးတွေကို အနည်းဆုံး ၂၀ ရာခိုင်နှုန်းလျှော့ချသွားမှာဖြစ်ပြီး စစ်တပ်တစ်ခုလုံးက ဗိုလ်ချုပ်ကြီးတွေနဲ့ အလံကိုင်အရာရှိတွေအရေအတွက်ကိုလည်း ၁၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ပြောခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်။
ဟက်ဆက်က ဗိုလ်ချုပ်ကြီးအဆင့်တွေပိုများနေတာက အောင်မြင်မှုကို ရစေမယ့်အကြောင်းလည်း မဟုတ်ပါဘူး။ ခုလိုလုပ်ရတာက အဆင့်မြင့်အရာရှိတွေကို ပြစ်ဒဏ်ပေးအရေးယူတာလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်အရာမှ အမှန်တရားကနေ ကင်းကွာနေလို့တေ့မရပါဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဟက်ဆက်က သူ့အနေနဲ့ ပူးတွဲစစ်ဦးစီးချုပ်တွေနဲ့လည်း လက်တွဲလုပ်ကိုင်ခဲ့ပြီး ခုလိုဆောင်ရွက်ခြင်းရဲ့ ရည်ရွယ်ချက်က မဟာဗျူဟာမြောက်အဆင်သင့်ဖြစ်မှုကို အမြင့်ဆုံးအခြေအနေဖြစ်စေဖို့လို့ ဆိုခဲ့ပါတယ်။ သူက ဝန်ထမ်းအရွယ်အစားနဲ့ စစ်မြေပြင်အောင်မြင်မှုတို့က ပြောင်းပြန်အချိုးရှိလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။
Rhode Island မှ အထက်လွှတ်တော်အမတ် ဂျက်ရိဒ်က ဟက်ဆက်ဟာ စစ်ဘက်ခေါင်းဆောင်တွေကို အကြောင်းမဲ့အလုပ်ထုတ်ပစ်နေတာပဲလို့ စွပ်စွဲခဲ့ပြီး ဟက်ဆက်ရဲ့ အစီအစဉ်တွေအပေါ် သံသယရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
အထက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီမှာ ထိပ်တန်းဒီမိုကရက်ပါတီဝင်အမတ်ဖြစ်တဲ့ ရိဒ်က “ကာကွယ်ရေးဝန်ကြီးဌာနမှာ ထိရောက်မှုရှိရေးအတွက် ကျွန်တော်က အမြဲတမ်း ထောက်ခံပြောဆိုခဲ့တာပါ။ ဒါပေမယ့် အဓိကတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်တွေက အချက်အလက်နဲ့ အကဲဖြတ်လေ့လာမှုတို့အပေါ် အခြေခံပြီး ပြုလုပ်သင့်တာပေါ့။ ကိုယ့်စိတ်ထင်တိုင်း တစ်ဖက်သတ်ရာခိုင်နှုန်းနဲ့ မဆုံးဖြတ်သင့်ဘူး။ ထင်ရှားတဲ့တရားမျှတမှုမရှိဘဲ ကျွမ်းကျင်ပြီးအတွေ့အကြုံရှိမယ့်အရာရှိတွေကို အလုပ်ရပ်ဆိုင်းပစ်လို့ စစ်တပ်အတွက် ကောင်းမွန်ထိရောက်တဲ့ စွမ်းဆောင်ရည်ဖြစ်စေမှာမဟုတ်ဘူး။ ထိခိုက်ပျက်စီးမှုပဲ ဖြစ်စေမယ်” လို့ ကန့်ကွက်ပြောကြားသွားပါတယ်။
Ref -Reuters
