
၄. ၅. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို PDF က တစ်နေ့တာအတွင်း လုပ်ကြံသတ်ဖြတ်မှု မေလ ၂ ရက်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဥ်များမှာ မေလ ၂ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အင်ဒိုင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးခင်မောင်ညွန့်(ခ)စစ်တောင်းမောင်(၅၆)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF သုံးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်ညွန့်(ခ)စစ်တောင်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မေလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာနေ ဦးလှကြည်(၇၂)နှစ်သည် နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အား စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးလှကြည်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်

ထို့အပြင် မေလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးသူလင်း(၃၈)နှစ်သည် တောင်ရွာမရပ်ကွက်၊ အောင်ဒင်လမ်းထိပ်၌ ဈေးဝယ်နေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လေသေနတ် ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးသူလင်းတွင် ဝဲပုခုံးလေသေနတ်ကျည်ဘောစေ့ထိမှန် ဒဏ်ရာရရှိခဲ့၍ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။
