



၂.၅.၂၀၂၅
Written by Hey Mar
သစ်ပင်မှာ ကြိုးဆွဲချကာ သေကြောင်းကြံစည်နေတဲ့ အမျိုးသမီးကို အသက်ရှင်လျက် လူမှုကူညီရေးအသင်းက အချိန်မီကယ်တင်နိုင်ခဲ့တဲ့ဖြစ်စဉ် မကွေးမြို့မှာ ဒီနေ့ မေလ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မကွေးမြို့အခြေစိုက် မြေပြင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာက မကွေးမြို့၊ အောင်စေတနာ (စီ)အုပ်စု၊ သုခိတာလမ်းနဲ့ အောင်စေတနာ (၁၀)လမ်းထောင့်က ခရေပင်မှာ လူတစ်ဦး ကြိုးဆွဲချလျက်တန်းလန်းဖြစ်ပွားနေကြောင်း လမ်းသွားလမ်းလာပြည်သူတစ်ဦးက မြေပြင်လူမှုကူညီရေးအသင်းရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားလာတာလို့ သိရပါတယ်။
အသင်းက သက်ဆိုင်ရာကို ဆက်လက်အကြောင်းကြားပြီး အမြန်ထွက်ခွာခဲ့ကာ မြေပြင်ရောက်ရှိကူညီခဲ့ပုံကို “ကျွန်တော်တို့ရောက်တော့ အမျိုးသမီးက အသက်မသေသေးဘူး။ အဲ့ဒါနဲ့ ခြေထောက်ကနေ တစ်ယောက်က မ’ချီပြီး ကြိုးတင်းအားလျော့အောင် လုပ်တယ်။ အပေါ်တက်ပြီး ကြိုးဖြတ်တဲ့သူက ဖြတ်တယ်။ ပြီးတာနဲ့ ဆေးရုံကြီး အမြန်မောင်းပို့ကြတာ။ ဆေးရုံက လိုအပ်တာစစ်ဆေးပြီး အခြေအနေကောင်းလို့ အခု တာဝန်ရှိသူတွေ ခွင့်ပြုချက်နဲ့အိမ်ပြန်ပို့ပေးလိုက်တယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါအမျိုးသမီးက အသက် နှစ်ဆယ့်ငါးနှစ်နဲ့ သုံးဆယ်ကြားအရွယ်သာရှိသေးပြီး အိမ်ကလည်း အဆင်ပြေဖွယ်ရှိကာ အခုလို ကြံစည်တဲ့အပေါ် လူငယ်ချင်း ကတောက်ကဆတ် စိတ်ပင်ပန်းစရာရှိလို့ ဖြစ်နိုင်ကြောင်းလည်း အကူအညီသွားရောက်ခဲ့သူတွေက ဖြစ်စဉ်အခြေအနေမှာ ကြားရတာကို ပြောပါတယ်။
“လူကတော့ ကြိုးဒဏ်နဲ့မို့ လည်ပင်းထိထားလို့ စကားကောင်းကောင်း မပြောနိုင်သေးဘူး။ မသေတာက သုံးတဲ့ကြိုးက မျှော့ကြိုးဖြစ်နေတာ။ အဲ့ဒါကြောင့်လည်း လည်ဆစ်တွေ ဘာတွေ ပြုတ်မသွားတာ” လို့ မြေပြင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ကြုံတွေ့ကူညီခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
