

၁.၅.၂၀၂၅
Eritten by Nyein Kyaw
မြန်မာနိုင်ငံက ဒုတိယအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၂) ကြိမ် မြောက် အာဆီယံရေတပ်အရာရှိငယ်များတွေ့ဆုံပွဲ (12th ASEAN Navy Young Officers Interaction) အား ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်အထိ ရန်ကုန်မြို့ LOTTE HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့တက်ရောက်မည့် အာဆီယံနိုင်ငံများမှ ရေတပ်အရာရှိငယ်များသည် ဧပြီလ ၂၈ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် အသီးသီးရောက်ရှိခဲ့ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် အရာရှိငယ်များသည် ဧပြီလ ၂၉ ရက်တွင် ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ နိုင်ငံအလိုက် ရေတပ်သမိုင်းကြောင်းရှင်းလင်းခြင်းနှင့် “ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ရေကြောင်းလုံခြုံရေးပေါင်းစည်းညီညွတ်အားဖြင့် ဟန်ချက်ညီဆောင်ရွက်ကြပါစို့” ခေါင်းစဉ်အား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် အာဆီယံနိုင်ငံများမှ ရေတပ်အရာရှိငယ်များအား စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးက ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် LOTTE HOTEL ရှိ Sapphire Ballroom ခန်းမ၌ ကြိုဆိုလက်ခံတွေ့ဆုံကာ စစ်ဦးစီးအရာရှိချုပ်(ရေ) က နှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံနိုင်ငံများမှ ရေတပ်အရာရှိငယ်များက တစ်ဦးချင်းနှုတ်ဆက်စကားပြောကြားခဲ့သည်။
၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ညပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ရေ)က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အာဆီယံရေတပ်အရာရှိငယ်များသည် တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)တွင် လှေလှော်ခြင်းနှင့် ရွက်တိုက်ခြင်းပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ဆောင်ရွက် ခဲ့ကြပြီး အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စုမှ စစ်ရေယာဉ်အား သွားရောက်လေ့လာခြင်း၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့သွားရောက်လေ့လာကြည့်ရှုခြင်း၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းဈေး တို့သို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ကြသည်။
အာဆီယံရေတပ် အရာရှိငယ်များသည် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
