
၂၈. ၄. ၂၀၂၅
Written by Nay Moe
မင်းလှမြို့နယ်မှာ အင်အား ၇၀ ကျော်ပါ တပ်စစ်ကြောင်းကို PDF ၆ ဖွဲ့ပေါင်းပြီး စောင့်ဆိုင်း ချောင်းမြောင်း တိုက်ခိုက်ရာက တပ်မတော်သားများ၏ အလောင်း ၁၀ လောင်းနှင့် လက်နက် ၁၂ လက်ရရှိခဲ့သည်ဟု သာယာဝတီ PDF က ယနေ့ ကြေညာသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ သရော်ကုန်းရွာ ဘုန်းကြီးကျောင်းမှ ထွက်ခွာလာသည့် အင်အား ၇၀ ကျော်ပါ တပ်စစ်ကြောင်းအား ဧပြီ ၂၇ ရက်၊ နံနက် ၉ နာရီခန့်တွင် ခွက်မအုပ်စု၊ ငမိုးရိပ်ရွာအတွင်းသို့ ရောက်ရှိနေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ ၅၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၆ AyeYarNyiNaung PDF များက ချောင်းမြောင်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချောင်းမြောင်း ပိတ်ဆို့ တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြချိန် လေကြောင်း ပစ်ကူရောက်လာသဖြင့် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် PDF များကို Mi35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်သလို ဂျက်ဖိုက်တာ ၂ စီး ပျံဝဲလာနေစဥ် စစ်ကြောင်းက ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။
ထိုသို့ တပ်စစ်ကြောင်း ဆုတ်ခွာပြီးနောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၁ Dragon Brothers (GBK-PDF)၊ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ ၅၊ တပ်ခွဲ ၆ Black Dragon (GBK-PDF) နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၆ AyeYarNyiNaung၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ ၅ တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀ လောင်း၊ သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။






ပုံစာ။ တပ်မတော်စစ်ကြောင်းကို ဝိုင်းတိုက်သည့် ပဲခူး PDF တို့ ထုတ်ပြန်ထားသည့်ပုံများ။
