၂၅. ၄. ၂၀၂၅
Written by Nay Moe
ထားဝယ်ရေနက်ဆိပ်ကမ်းသို့သွားရောက်သည့် လမ်းပေါ်ရှိ ဒေါက်လောက်ဘေလီတံတားအား ဒေသတိုးတက်မှုမလိုလားသည့် မွန်၊ ကရင် လက်နက်ကိုင်များ ပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့များနှင့် PDF များက မီးရှို့ဖျက်ဆီးလိုက်ပြီး အဆိုပါ လုပ်ရပ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား ဖျက်ဆီးရန်ကြိုးစားမှုဟု ဒေသခံများ လက်ခံယူဆထားသည်။
SAC ဥက္ကဋ္ဌ၏ ရုရှားခရီးစဥ်အပြီးတွင် အစိုးရဘက်မှ မြန်မာနိုင်ငံနှင့် တနင်္သာရီပြည်သူများဘဝ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနှင့် အလျင်အမြန်အကောင်အထည်ဖော်ရန် လုပ်ဆောင်လာချိန် ဒေသရှိ မွန်နှင့် ကရင်လက်နက်ကိုင်များ၊ PDF များက တိုက်ခိုက်ဖျက်ဆီးမှု လုပ်ဆောင်ရန် ထိုးစစ်အရှိန်မြှင့်လာခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
ထိုသို့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဖျက်ဆီးရေး ထိုးစစ်အရှိန်ကို KNU/KNLA ၊ MSRF အပါအဝင် မွန်လက်နက်ကိုင်များနှင့် PDF ပူးပေါင်းအဖွဲ့များက မဟာမိတ်ဖွဲ့ကာ စုပေါင်းစစ်ရှိန်မြှင့်နေသော်လည်း ထင်တိုင်းမပေါက်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့သွားလာသည့်လမ်းပေါ်၌ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ်ထားသည့် အရှည် ၅၀၀ ပေ၊ အနံ ၁၂ ပေရှိသံကူကွန်ကရစ် ဘေလီ တံတားအား ယမန်နေ့နံနက် ၁၀ နာရီခန့်တွင် PDF များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ၆ လက်မ ၃ လက်မရှိ သစ်သားဇလီဖားများနှင့် အပေါ်ပျဥ်ခင်းများ ပေ ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ ပျက်စီးခဲ့သည့်တံတားအား ရေဖြူမြို့နယ်လမ်းဦးစီးဌာနမှ အမြန်ဆုံး ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

