
၂၄. ၄. ၂၀၂၅
Written by Tha Doe
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ထောက်ပံ့တဲ့ ဘီစကွတ်တစ်ထုပ်ကို ကျပ် ၅၀၀ နဲ့ ရောင်းချနေတယ်လို့ NUG ထောက်ခံသူက သတင်းမှားဖြန့်ဝေမှူအပေါ် သိရှိကြောင်းနဲ့ ဒီဖြန့်ဝေမှုက ခိုင်လုံသက်သေမရှိကြောင်း ကုလသမဂ္ဂက လူမှုကွန်ရက် United Nations Myanmar Page ကတစ်ဆင့် ဒီနေ့မှာ တုံ့ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တပ်မတော်ကို အမြဲတမ်းတိုက်ခိုက်နေပြီး CRPH, NUG, PDF နဲ့ EAOs တွေကို ထောက်ခံတဲ့ U Kyaw Thuya အမည်နဲ့ Facebook သုံးစွဲသူက WFP ဘီစကွတ်ပုံတင်ပြီး “နေပြည်တော်တွင်..လက်လီဝယ်စားလို့ရပါပြီ။ တစ်ထုပ်(၅၀၀)ကျပ်ပါ။”လို့ ခေါင်းစဥ်တပ် မျှဝေခဲ့တာပါ။ ဒီလိုသတင်းမှားဖြန့်မှုကို CRPH, NUG, PDF နဲ့ EAOs တွေကို ထောက်ခံတဲ့ မသိနားမလည်သူတွေက Like, Share, React ထောင်သောင်းချီပေးခဲ့ကြတာပါ။
ဒီလိုမျိုး CRPH, NUG, PDF နဲ့ EAOs တွေကို ထောက်ခံသူတွေရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂက” နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP က သိရှိထားပြီးဖြစ်ပါတယ်။ အဲ့ဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါဘူး။ နေပြည်တော်မှာ အာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ တကယ်တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့မသင့်ပါဘူး။ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူဆောင်ရွက်သွားမှာပါ။ WFP ရဲ့အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်ပါတယ်။”လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် WFP ဘီစကွတ်တွေဟာ ရိုးရိုးဘီစကွတ် မဟုတ်ဘဲ လတ်တလောဖြစ်ခဲ့တဲ့ ငလျင်ဘေးလို အရေးပေါ်အခြေအနေမျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့ အထူးအာဟာရဖြည့်အစားအစာတစ်မျိုး ဖြစ်ပြီး ဒီဘီစကွတ်တွေက ရောင်းရန်မဟုတ်ကြောင်း၊ အခုပုံမှန်ထမင်းဟင်းစားသောက်နိုင်ပြီဆိုရင် ပိုလျှံနေတဲ့ဘီစကွတ်တွေကို မိမိထက်ပိုလိုအပ်နေသူတွေဆီကို မျှဝေပေးသင့်ကြောင်း၊ ဒီဘီစကွတ်တွေက စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရပြည့်စားစရာတစ်ခု ဖြစ်ပြီး ၆ လ အောက် ကလေးငယ်တွေကို ကျွေးလို့မရကြောင်းလည်း အသိပေးထားပါတယ်။
အဲဒီအချက်တွေအပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးကြီးကြောင့် လူပေါင်းများစွာ ထိခိုက်ခံစားနေကြရပြီး အကူအညီများစွာ လိုအပ်နေချိန်မှာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေက ပေးနေတဲ့ အကူအညီတွေက အခမဲ့ဖြစ်ပြီး အကူအညီအတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ အလွဲသုံးစားပြုလုပ်ခွင့်မရှိကြောင်းနဲ့ ဒီလိုကျူးလွန်တယ်ဆို ကျူးလွန်သူရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက အရေးယူသွားမှာဖြစ်ပြီး WHO အပါအဝင် ပူးပေါင်းဆောင်ရွက်နေကြတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ လူမှုကူညီရေးအသင်းအဖွဲ့များအားလုံး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုက ကာကွယ်ခြင်း (PSEA) ဖုန်းနံပါတ် ၀၉၄၀၅၁၄၉၆၁၆ (ဖုန်း၊ Viber ၊ WhatsApp)
ကုလသမဂ္ဂ PSEA Email – [email protected]
ကို သတင်းပို့ တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
