
၂၂.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် သမ္မတအဖြစ် ဒုတိယသက်တမ်း ငါးနှစ်ကို တာဝန်ယူခဲ့ပြီးနောက် သုံးလခန့်အကြာတွင် ဆန်းစစ်လေ့လာချက်တစ်ခုအရ ၎င်း၏ဆောင်ရွက်မှုများအပေါ် အများပြည်သူ ထောက်ခံသဘောတူညီမှုက ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Reuters သတင်းဌာနမှပြုလုပ်သော Ipsos ဆန္ဒမဲ အကဲဖြတ်မှုတစ်ရပ်ကို ဧပြီလ ၁၆ ရက်မှ ဧပြီလ ၂၁ ရက်အထိ အမေရိကန်နိုင်ငံသား အရွယ်ရောက်ပြီးသူ ၄,၃၀၀ ကျော်အား သဘောထားကောက်ခံ၍ လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည်။
ခြောက်ရက်ကြာပြုလုပ်သည့် ဆန္ဒသဘောထားကောက်ခံမှုတွင် သဘောထားဖော်ပြမဲပေးခဲ့သူများ၏ ၄၂ ရာခိုင်နှုန်းကသာ သမ္မတ ဒေါ်နယ်ထရန့်၏ဆောင်ရွက်မှုများအပေါ် ထောက်ခံသဘောတူညီခဲ့ကြပြီး ၅၃ ရာခိုင်နှုန်းက ထရန့်၏မူဝါဒများကိုမထောက်ခံကြောင်းဖော်ပြခဲ့ကြသည်။
ယခင်တစ်ကြိမ် သဘောထားဆန္ဒကောက်ခံမှု၌ ထရန့်၏လုပ်ဆောင်မှုများအပေါ် ထောက်ခံမှု ၄၃ ရာခိုင်နှုန်း ရှိခဲ့ကာ မတ်လ၏ဒုတိယလဝက်ပိုင်းကမူ ၄၅ ရာခိုင်နှုန်းအထိပင် ရှိခဲ့သော်လည်း ယခု တစ်ကြိမ်တွင် ပို၍ကျဆင်းသွားခဲ့ခြင်းလည်းဖြစ်သည်။
နောက်ဆုံးဆန္ဒသဘောထားကောက်ခံမှုရလဒ်များက အမေရိကန်နိုင်ငံသားအများအပြားအနေဖြင့် ထရန့်က တက္ကသိုလ်များကို လွတ်လပ်လွန်းသည်ဟုရှုမြင်ကာ တင်းကျပ်မှုပြစ်ဒဏ်များဆောင်ရွက်မှုအပေါ် မထောက်ခံကြကြောင်း သုံးသပ်ကြသည်။ ဧပြီလလယ်ခန့်ကပင် အမေရိကန်ပညာရေးဝန်ကြီးဌာနက ဟားဗတ်တက္ကသိုလ်သို့ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံထောက်ပံ့ငွေနှင့် ဒေါ်လာ သန်း ၆၀ ရေရှည်သဘောတူ စာချုပ်များအတွက် ကုန်ကျငွေများကို ရပ်ဆိုင်းထားခဲ့သည်။
ဆန္ဒသဘောထားကောက်ခံခဲ့သူများ၏ ၅၉ ရာခိုင်နှုန်းကလည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာတစ်ဝန်းနိုင်ငံများ၏ယုံကြည်ကိုးစားခံရမှုကိုလည်း ဆုံးရှုံးလာနေကြောင်း ပြောခဲ့ကြပြီး လေးပုံသုံးပုံကမူ ထရန့်အနေဖြင့် ၂၀၂၈ ခုနှစ်တွင် သမ္မတ တတိယမြောက်သက်တမ်းကို ဆက်လက်မရယူသင့်ဟု ပြောခဲ့ကြသည်။
ဆန္ဒမဲကောက်ခံမှုကို အမေရိကန်ပြည်သူ ၄,၃၀၀ ကျော်တို့အားခြောက်ရက်ကြာပြုလုပ်ခဲ့ရာတွင် လွဲမှားမှုဖြစ်နိုင်ခြေ နှစ်ရာခိုင်နှုန်းအောက်သာရှိမည်ဟုဆိုသည်။
Ref- Reuters