MT News
ပြည်တွင်း ရွှေဈေးနှုန်းအမှန်မှာ တစ်ကျပ်သားလျှင် ကျပ် ၂၇ သိန်းအောက်သာရှိသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ ပြည်တွင်းရွှေနှုန်း အတက်ဈေး ကျပ် ၂၈ သိန်းကျော်မှာသာ ဆက်လက်ရှိနေပြီး ဒေါ်လာစျေးမှာလည်း ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၂၈၅၀ ကျပ်ဝန်းကျင်ဖြင့် ပြောင်းလဲမှုမရှိ တည်ငြိမ်လျက်ရှိခဲ့သည်။
ယခုတစ်ပတ် ဇန်နဝါရီ ၂၃ ရက် (တနင်္လာနေ့)တွင် ပြင်ပဈေးကွက်၌ ရွှေတစ်ကျပ်သား ၂,၈၁၃,၀၀ ကျပ်ရှိပြီး ဇန်နဝါရီ ၂၀ ရက် (သောကြာနေ့)နှင့် နှိုင်းယှဥ်ပါက ပြင်ပရွှေဈေး တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းခန့် ကျဆင်းခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်တွင် ပြင်ရွှေဈေးကွက်၌ ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းအောက်သို့ ကျဆင်းခဲ့ပြီး ခဏတာအတွင်း ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရွှေဈေးနှုန်းအမှန်မှာ ကျပ် ၂၇ သိန်းအောက်သာရှိပြီး ဈေးကစား၍ ရွှေဈေးနှုန်း ဆွဲတင်နေသူများကို အရေးယူသွားမည်ဟု YGEA က ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာထားပြီး လက်ရှိရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်ပေါ်နေမှုများမှာ ရွှေဆိုင်များ ဆိုင်ဖွင့်ချိန်တွင် ရောင်းဝယ်မှုမရှိဘဲ ဆိုင်သိမ်းချိန်မှသာ ရွှေဈေးနှုန်းမေး၍ လူမှုစာမျက်နှာများတွင်ဖြန့်ကာ နောက်ရက်အဖွင့်ရွှေဈေးနှုန်းကို ဆွဲတင်ကစားနေခြင်းဖြစ်ကြောင်းသိရသည်။
“အခုနောက်ပိုင်းမှာ ကောလာဟလတစ်ခုပေါ်တိုင်း တောက်လျှောက်လိုက်ပြီး ရှင်းနေရတာတွေရှိတယ်။ အခုရက်ပိုင်းမှာလည်း ကောလာဟလကို လွှင့်ထုတ်ပြီးတော့ ဈေးဆွဲတင်တာတွေ ရှိပါတယ်။ ဒါကနေ့ခင်းပိုင်း ဆိုင်သမားရောင်းတဲ့အချိန်မှာ မဟုတ်ဘူး။ ညနေ ဆိုင်ပိတ်သွားတဲ့အချိန်မှ ဖုန်းနဲ့ ဟိုကနေဆက် ဒီကနေဆက် Facebook မှာ တစ်ယောက်ကတင်လိုက်။ ဒီဈေးနှုန်းကို အခြေခံပြီး နောက်နေ့မှာ ဈေးကစားတာတွေ ရှိပါတယ်။ ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဒီဈေးကစားတာတွေကို လိုက်ပါဆောင်ရွက်ခွင့် မပြုလုပ်ဖို့ ပန်ကြားလိုပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၂,၇၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၀ ကျပ်၊ ဇန်နဝါရီ ၁၉ ရက်တွင် ရွှေဈေးနှုန်း ၂,၈၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၀ ကျပ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၂,၈၃၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၅ ကျပ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၁၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။
