



၁၈. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် လိုက်လံကြည့်ရှုစစ်ဆေးသည်။
SAC ဥက္ကဋ္ဌသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦ၊ အလုပ်သမားဝန်ကြီးဌာနရုံးအဆောက်အဦ၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေကာနံရံပြိုကျ ပျက်စီးခဲ့မှု၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအဆောက်အဦ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအဆောက်အဦ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ဝန်ထမ်းများအား ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ရုံးအဆောက်အဦများအတွင်းရှိ အရေးကြီးသည့် စာရွက်စာတမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် ရွှေ့ပြောင်း၍ရနိုင်သည့် ပစ္စည်းများကို အမြန်ဆုံးရွှေ့ပြောင်းသွားရန်လိုကြောင်း၊ ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ရုံးဌာနအဆောက်အဦများအား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများ ဖြစ်စေရေးအတွက် ငလျင်ပညာရှင်များ၊ ဆောက်လုပ်ရေးပညာရှင်များ၏ အကြံဉာဏ်များ ရယူ တည်ဆောက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆောက်အဦများအား တစ်လုံးတည်းကြီးမားစွာတည်ဆောက်ခြင်းထက် အကန့်လိုက်၊ အလုံးလိုက်ခွဲ၍ တည်ဆောက်မည်ဆိုပါက ငလျင်ဒဏ်ကို ပိုမိုခံနိုင်မည်ဖြစ်ကြောင်း၊ အဆောက်အဦများ စတင်ဆောက်လုပ်စဉ်ကတည်းက ရေရှည်ခိုင်ခံ့စေရန်အတွက် လိုအပ်သည့်ရေလိုင်း၊ မီးလိုင်းများကိုလည်း စနစ်တကျ ထည့်သွင်းတွက်ချက် တည်ဆောက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဝန်ထမ်းမိသားစုများအတွက် ယာယီနေထိုင်မည့်နေရာများကို ဆောက်လုပ်ရာတွင်လည်း စနစ်တကျဖြင့် တည်ဆောက်ပေးသွားရန်နှင့် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဝန်ထမ်းများ၏ စားရေးအဆင်ပြေစေရေးအတွက်လည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးထားကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။