
၁၆. ၄. ၂၀၂၅
Written by Thettant
မတ်လ ၂၈ ရက်က အဟုန်ပြင်းစွာ လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့် ပြိုကျသည့် မန္တလေးမြို့ရှိ သမဝါယမဦးစီးဌာနရုံးအပျက်အစီးပုံအောက်မှ အမျိုးသမီးနှစ်ဦး၏ အလောင်းကို ယနေ့တွေ့ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၈၄ လမ်း၊ (၂၇×၂၈) လမ်းကြားရှိ သမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုတွင် ပိတ်မိကျန်ရှိနေသူများအား ထုတ်ယူနိုင်ရေးအတွက် ယနေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နံနက် ၁၀ နာရီ ၂ မိနစ်နှင့် ၁၀ နာရီ ၃၈ မိနစ်အချိန်တို့တွင် အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၄ ရက် ညနေ ၆ နာရီအထိစာရင်းများအရ မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ ၃၇၀၆ ဦးအထိ ရှိလာခဲ့ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှ လေယာဉ်ခေါက်ရေ ၁၃၃ ခေါက်ဖြင့် ထောက်ပံ့ကူညီရေးပစ္စည်း တန်ချိန် ၃၃၈၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
