
၁၆.၄.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားအနေနဲ့ အမေရိကန်အစိုးရရဲ့ ကုန်သွယ်စည်းကြပ်ခွန် ပြဌာန်းမှုတွေကြောင့် သက်ရောက်မှုတွေကို လျော့ပါးသက်သာစေဖို့ အားထုတ်မှုတစ်ရပ်အနေနဲ့ သူ့ရဲ့ အစိမ်းရောင်စွမ်းအင်အရင်းအမြစ် ပစ္စည်းတွေကို ဥရောပဈေးကွက်သို့ ထိုးဖောက်မှုကို မြှင့်တင်သွားဖို့ စီစဉ်ခဲ့တယ်လို့ အင်ဒိုနီးရှားစွမ်းအင်နဲ့သတ္တုတွင်းအရင်းအမြစ်များဆိုင်ရာ ဝန်ကြီး ဘာလီလ် လာဟာဒါလီယာက ဧပြီလ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။
လာဟာဒါလီယာက အင်ဒိုနီးရှားနိုင်ငံဟာ ဥရောပဒေသကိုမှမဟုတ်ဘဲ တခြားဘယ်နေရာကိုမဆို ဈေး ကွက်ထိုးဖောက်နိုင်ဖို့ အစိမ်းရောင်စွမ်းအင်အရင်းအမြစ်မှာ ယှဉ်ပြိုင်သွားနိုင်တဲ့ အကျိုးကျေးဇူးလည်း ရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အလားအလာတွေလည်း အလျှံပယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

သူက ရေအားလျှပ်စစ်အနေနဲ့ ၃,၆၀၀ ဂီဂါဝပ်အထိဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အလားအလာရှိတယ်လို့ အစိုးရက သုံးသပ်ထားတယ်လို့လည်းဆိုပါတယ်။ ဒါ့ပြင် သူက တကယ်လို့သာ ဒီအတိုင်း ဖွံံ့ဖြိုးလာအောင်ဆောင်ရွက်နိုင်ရင် အလုပ်အကိုင်နေရာ ၃၀၀,၀၀၀ နီးပါးဖန်တီးပေးနိုင်မယ့်အပြင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၇၀ လောက်လည်းရလာမှာပါလို့ ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရက အင်ဒိုနီးရှားမှအမေရိကန်သို့ ပို့ကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၃၂ ရာခိုင်နှုန်းကောက်ခံဖို့ ပြဌာန်းခဲ့အပြီးမှာ လာဟာဒါလီယာက ခုလိုပြောခဲ့တာပါ။ ဒါက ကုန်သွယ်ရေးမဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း သူကပြောခဲ့ပါတယ်။
သူက နိုင်ငံတစ်နိုင်ငံချင်းစီအတွက် အကျိုးကျေးဇူးဖြစ်စေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးဆက်သွယ်မှုကို တည်ဆောက်နိုင်ဖို့က အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိကာလ အလေးထားမှုပဲလို့လည်းထပ်မံပြောကြား သွားပါတယ်။
Ref- Xinhua
