
၁၄. ၄. ၂၀၂၅
Translated by Tha Doe
အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်အပြီး ပြည်တွင်းပဋိပက္ခနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအကြောင်း ဆွေးနွေးရန် ယခုအပတ်တွင် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်ဖြစ်သည်။

မလေးရှားနိုင်ငံသည် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်အပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများအကြောင်း ဆွေးနွေးရန် ယခုအပတ်တွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်ဖြစ်ပြီး မလေးရှား ဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါ အီဘရာဟင်က ဆေးဘက်ဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခြင်းအပါအဝင် အကူအညီများ ပေးအပ်နိုင်ရန်အတွက် ယခုတွေ့ဆုံမှုကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်ဝါက အာဆီယံ မူဝါဒရေးရာ အကြံပေးအဖွဲ့မှ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာနှင့် သမီးဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာတို့နှင့် တွေ့ဆုံပြီးနောက် ထိုင်းနှင့် မလေးရှားနယ်စပ်ပြဿနာဖြစ်သော Sungai Golok-Rantau Panjing အရေးနှင့် ထိုင်းနယ်စပ်အနီးရှိ ကယ်လန်တန်မြို့ ရေကြီးမှု အခြေအနေတို့အတွက် ဘန်ကောက်မြို့တွင် တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲအပြီးတွင် အာဆီယံခေါင်းဆောင်များနှင့် SAC ဥက္ကဋ္ဌတို့ တွေ့ဆုံမှုကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
“အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်က မဖြစ်မနေ လိုအပ်ချက်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ အခုအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြင်းထန်သော ငလျင်ဘေးအန္တရာယ်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန် ရည်ရွယ်ပါတယ်” အန်ဝါက ယနေ့ပြုလုပ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လစဉ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လဆန်းအတွင်းက ရုရှားနှင့် ဘီလာရုစ်နိုင်ငံများသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဥ်သွားရောက်ခဲ့ကာ နှစ်နိုင်ငံသမ္မတများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးပြီးနောက် ဧပြီလဆန်းအတွင်းကလည်း ထိုင်းနိုင်ငံတွင်ကျင်းပသည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်ကာ အိန္ဒိယဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်အပြင် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ အခြားခေါင်းဆောင်တို့နှင့်ပါ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုခရီးစဥ် ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထို့အပြင် လာမည့်မေလတွင်လည်း ရုရှားနိုင်ငံတွင်ကျင်းပမည့် နာဇီဂျာမဏီတို့ကို အနိုင်ရသည့်အောင်ပွဲနေ့ကိုလည်း ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ပြီး အဆိုပါအခမ်းအနားတွင်လည်း အခြားနိုင်ငံတို့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိနေသည်။
ပုံစာ။ BIMSTEC အစည်းအဝေးသို့တက်ရောက်ခဲ့သော SAC ဥက္ကဋ္ဌနှင့် နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ဆုံတွေ့မှုမြင်ကွင်း။
