ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ် (ဓာတ်ပုံ-MGEA)
၂၃. ၁. ၂၀၂၃
Written by Ye Kyaw
တချို့သော ဥရောပကုမ္ပဏီကြီးများ အော်ဒါမှာယူမှုရပ်သွားသည့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ၌ ဥရောပနိုင်ငံများမှ အလတ်စားနှင့်အသေးစားကုမ္ပဏီများ အော်ဒါမှာယူမှု ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
“ဝယ်နေတယ်။ မရပ်တဲ့သူကလည်း မရပ်ဘူး၊ ရပ်တဲ့သူလည်း ရပ်သွားတယ်ဆိုတာကလေ။ အများကြီးတော့မဟုတ်ဘူးပေါ့။ တစ်ခုစ၊ နှစ်ခုစ အကြီးတွေကတော့ သူတို့ရပ်မယ်လို့ ကြေညာတာပေါ့နော်။ အငယ်တွေလည်း အများကြီးရောက်လာတယ်။ နာမည်မကြီးတဲ့ အလယ်အလတ်တွေလည်း အများကြီး ရောက်လာတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။
လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများ ပြန်လည်တိုးတက်လျက်ရှိပြီး ပြည်တွင်းအထည်ချုပ် လုပ်ငန်းများမှ အော်ဒါမှာယူမှု တိုးတက်ခြင်းနှင့် ကျဆင်းခြင်းသည် လုပ်ငန်းတစ်ခုချင်းစီအလိုက် ၎င်းတို့ ချိတ်ဆက်ထားသည့် ပြည်ပကုမ္ပဏီများအပေါ် မူတည်၍ ကွာခြားမှုရှိကြောင်း သိရသည်။
“အခုအချိန်မှာတော့လေ ကဏ္ဍတစ်ခုလုံးကိုကြည့်ရင်တော့ သူကတိုးတက်နေတာပေါ့နော်။ ဒါပေမဲ့ လုပ်ငန်းတစ်ခုချင်းစီကြည့်ရင်တော့ သူနဲ့ဆက်သွယ်ချိတ်ဆက်နေတဲ့ ဝယ်သူရဲ့အနေအထားအပေါ်မှာ မူတည်တယ်။ သူနဲ့ချိတ်ဆက်တဲ့ ဝယ်သူက အရမ်းကို ထိလွယ်ရှလွယ်ဝယ်သူဖြစ်မယ်ဆိုရင် သူနည်းသွားမှာပေါ့။ သိပ်ဂရုစိုက်တဲ့ဝယ်သူဆို ရပ်သွားမှာပေါ့။ အကုန်ခြုံကြည့်လိုက်ရင်တော့ မဆိုးဘူး။ တစ်ခုချင်းတစ်ခုချင်းမှာ ပိုကောင်းလာတဲ့သူတွေရှိသလို အထိနာတဲ့သူလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ပြည်ပမှ အထည်လိပ်ကုန်ကြမ်းများ တင်သွင်းကာ ပြည်တွင်းအထည်ချုပ်စက်ရုံများ၌ ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစား (CMP) စနစ်ဖြင့်သာ ဆောင်ရွက်နေရခြင်းဖြစ်ပြီး ထိုသို့ လုပ်နေရသည့်အတွက် ပြည်တွင်း၌ ချုပ်လုပ်ပြီး ထွက်ရှိလာသည့် အဝတ်အထည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ချုပ်ခအနေဖြင့် ရရှိခြင်းဖြစ်သည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလကုန်အထိ ကိုးလတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာလေးဘီလျံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
