
၁၀. ၄. ၂၀၂၅
Written by Thettant
မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ မန္တလေးငလျင်ကြီးကြောင့် ပျော်ဘွယ်မြို့နယ်မှာ သေဆုံးသူ ၂၄၂ ဦးသာရှိပြီး လူမှုကွန်ရက်မှာ ဖွနေသလို လူ ၇၀၀၊ ၈၀၀ သေဆုံးတယ်ဆိုတာ မှားယွင်းတယ်လို့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
“ပျော်ဘွယ်မြို့နယ်မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ကျား ၁၄၅ ဦး မ ၉၇ ဦး ပေါင်း ၂၄၂ ဦး ရှိပါတယ်။ထိခိုက်ဒဏ်ရာရ ၁၉၇ ဦး ဖြစ်ပါတယ်။ သတင်းဌာနတွေနဲ့ လူမှုကွန်ရက်တွေမှာ ၇၀၀၊ ၈၀၀ ဆိုတာတွေက မဟုတ်ပါဘူး။ သတင်းရေးတယ်ဆိုတာ ထင်ရာ မြင်ရာ တွေ့ကရာရေးလို့ မရပါဘူးဗျ။ အတည်ပြုချက်လိုပါတယ်။ စာရင်းအချက်အလက်လိုပါတယ်။ သတင်းအဆိပ်မခတ်ကြပါနဲ့။ သဘာဝဘေးအန္တရာယ်ကြုံတွေမှုမှာ မကူညီချင်နေပါ။ အနှောင့်အယှက် အမှိုက်မဖြစ်စကောင်းပါ။ ချင့်ချိန်ယုံကြပါ။ ရေးကြပါဗျ။ ပူးပေါင်းဆောင်ရွက်ဖေးမကူညီကြဖို့ တိုက်တွန်းပါကြောင်း” ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ဆိုပါတယ်။

မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ သေဆုံးသူ စုစုပေါင်း ၃၆၄၉ ဦး၊ ဒဏ်ရာရသူ ၅၀၁၈ ဦး၊ ပျောက်သူစုစုပေါင်း ၁၄၅ ဦးရှိတယ်လို့ ဧပြီ ၉ ရက်စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ပျော်ဘွယ်မြို့က အထပ်ငါးထပ်ရှိတဲ့ ကမ္ဘောဇဘဏ် ပြိုကျမှုမှာ လူ ၂၀ သေဆုံးခဲ့ရပြီး ၀န်ထမ်း ၉ ဦးနဲ့ Customer ၄ ဦး အသက်ရှင်ခဲ့လို့ ၁၃ ဦးကို အသက်ရှင်လျက်သား ကယ်ထုတ်နိုင်ခဲ့ပေမဲ့ သေဆုံးသူထဲမှာ ကမ္ဘောဇဘဏ်က ၀န်ထမ်း ၁၀ ဦး အာမခံ၀န်ထမ်း ၁ ဦး၊ Customer ၉ ဦး ပါဝင်သွားတယ်လို့ သိရပါတယ်။
