MT News
၇. ၄. ၂၀၂၅
မန္တလေးက ပြိုကျ Sky Villa ကွန်ဒိုထဲက ပြိုကျနေတဲ့ အဆောက်အအုံတွေအောက် ပိမိသေဆုံးနေသူတွေကို ဆက်လက် ကယ်ထုတ်နေရာမှာ ဒီတစ်နေ့တည်း အလောင်း ၁၀ လောင်းတွေ့ ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။
မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦ ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံမှ Blue Sky Rescue အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယနေ့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အမျိုးသမီး (၆)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့သည်။








ထို့နောက် ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မွန်းတည့် ၁၂ နာရီ ၂၈ မိနစ်တွင် မိန်းကလေးငယ် (၁) ဦး၊ ၁၂ နာရီ ၃၆ မိနစ်တွင် အမျိုးသမီး (၁)ဦး၊ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ယောကျ်ားလေး (၁) ဦး၊ ၁၂ နာရီ ၅၄ မိနစ်အချိန်တွင် အမျိုးသမီး (၁)ဦးတို့၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်း အမျိုးသမီး (၈) ဦးနှင့် မိန်းကလေး (၁) ဦး၊ ယောကျ်ားလေး (၁) ဦးတို့၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
လေးလုံးတွဲ ၁၁ ထပ် Sky Villa ကွန်ဒိုသည် သုံးလုံးတွဲပြိုကျကာ ကျန်တစ်လုံးမှာ ၆ ထပ်သာ မြေပေါ်ကျန်ခဲ့သဖြင့် သေပျောက်မှုအများဆုံးနေရာဖြစ်ပြီး လတ်တလောတွင် ရုပ်အလောင်း ၁၀၀ ခန့် ရှာဖွေတွေ့ရှိထားသည်ဟုလည်း မီဒီယာများက ရေးသားဖော်ပြသည်။
