MSME လုပ်ငန်းရှင်များကို ဆွေးနွေးပြောကြားနေသော SAC ဥက္ကဋ္ဌအား တွေ့ရစဥ်

၅. ၁၀. ၂၀၂၂
Written by Tha Doe

ကိုဗစ်-၁၉ ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၄ ရက်တွင် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

SAC အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ် ခဲ့သောကြောင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ရွေးကောက်ပွဲ မကျင်းပမီ ကာလများကတည်းက မိမိအနေဖြင့် သတိပေးပြောဆိုမှုများပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့်ကာလသည် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပေါ်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားမှုမရှိစေရေး ရွေးကောက်ပွဲကျင်းပမှုကို ရွှေ့ဆိုင်းပေးရန် အစိုးရ ခေါင်းဆောင်များကို တောင်းဆိုခဲ့သော်လည်း ရွှေ့ဆိုင်းပေးခဲ့ခြင်း မရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲ မတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲကျင်းပပြီး မဲစာရင်းများ ထုတ်ပြန်ခဲ့သည့် ကာလတို့တွင် အုပ်ချုပ်သူအစိုးရ၏ မဲအသာရရှိရေး မရိုးမသားဆောင်ရွက်ခဲ့မှုများ၊ မဲမသမာမှုများ ကြောင့် ဆူပူဆန္ဒပြမှုများ၊ နိုင်ငံရေးပဋိပက္ခများ၊ ထိုမှတဆင့် လက်နက်ကိုင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး SAC အနေဖြင့် ဖွဲစည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေကြောင်းနှင့် ဆူပူအကြမ်းဖက်မှုများကိုလည်း ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့အပြင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲ မဲမသမာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ဆောင်ရွက်လာခဲ့သဖြင့် နိုင်ငံတော်တာဝန်ကို မလွှဲသာမရှောင်သာ ထမ်းဆောင်ခဲ့ရကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းရာတွင်လည်း စစ်ဘက်၊ အရပ်ဘက် မျှတစွာဖြင့် ဖွဲ့စည်းခဲ့ကြောင်းနှင့် ရွေးကောက်ပွဲ မဲမသမာမှု၏ နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများကြောင့် ပြည်တွင်းစီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့်လည်း စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ကိုဗစ် – ၁၉ ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုများကို နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုများဖြင့် ကျော်လွှားနိုင်ခဲ့သည်ဟုလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည့်အတွက် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် စည်းကမ်းစနစ်ကျနပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *