◾️အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းက ဒေသတွင်းဆက်သွယ်မှုကို အထောက်အကူဖြစ်စေသဖြင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်လက်မှတ်ထိုးခြင်းကို ကြိုဆိုကြောင်းပါ ပြောကြား

၄. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင် ယနေ့ ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ပြီး ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအများစုသည် သဘာဝဘေးအန္တရာယ်ကို မကြာခဏ ခံစားရကာ မြန်မာနိုင်ငံတွင်လည်း ဖျက်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃,၃၀၀ နှင့် ဒဏ်ရာရှိသူ ၄,၈၀၀ ခန့်ရှိလာနေသဖြင့် သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုများကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်မှုဒဏ်ကို မကြာခဏ ကြုံတွေ့ခံစားရလျက်ရှိကြောင်း၊ ထို့ပြင် မကြာသေးမီက မြန်မာနိုင်ငံကို ဗဟိုပြုပြီး အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ဒေသတွင်းနိုင်ငံအချို့ တွင်လည်း ရိုက်ခတ်မှုများရှိခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၃၃၀၁ ဦး၊ ဒဏ်ရာရရှိသူ ၄၇၉၂ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၁ ဦးရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်သွားရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် တစ်ခုမှာ ဆက်သွယ်ချိတ်ဆက်မှု (Connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းသည် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ဒေသတွင်း ရေကြောင်းဆက်သွယ်မှုများ၊ ကုန်သွယ်မှုများနှင့် ဆိပ်ကမ်းအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးနိုင်မည့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို မိမိအနေဖြင့် ကြိုဆိုပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Energy Cooperation) သည် ဒေသတွင်း သာယာဝပြောရေးအတွက် နောက်ထပ်အရေးကြီးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ဘင်းမ်စတက် ဓာတ်အားလိုင်းအပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ ပင်မစီမံကိန်းကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် စွမ်းအင်အရင်းအမြစ်များကို ထိရောက်စွာ မျှဝေသုံးစွဲ နိုင်မည် ဖြစ်သကဲ့သို့ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
