
၄.၄.၂၀၂၅
Written By Zun
ယခု ဧပြီလအတွင်း MNDAA အနေဖြင့် လားရှိုးမြို့က အပြီး ဆုတ်ခွာရတော့မည်ဖြစ်ကြောင်း MNDAA နှင့် နီးစပ်သော သတင်းရင်းမြစ်များက ရေးသားဖော်ပြချက်အရ သိရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) အနေဖြင့် လားရှိုးမြို့ကို သိမ်းပိုက်ထားသည်ဟု ဆိုသော်လည်း နစကထံ ယခု ဧပြီလ ၂၁ ရက်မတိုင်မီ ပြန်လည်အပ်နှံရတော့မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ MNDAA က လားရှိုးမြို့ပေါ်က တပ်ဆုတ်ခွာရန် ပြင်ဆင်လျက်ရှိရာတွင် ဆေးရုံနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများ အားလုံးကိုပါ ကားပေါ်တင်၍ ပြောင်းရွှေ့နေကြကြောင်း သိရသည်။
“ကားကြီးကားငယ်နဲ့ တင်နေတာ။ ကျွန်မတို့ မိသားစုက တိုက်ပွဲတွေ ဖြစ်ကတည်းက ရန်ကုန်ကို ပြောင်းနေကြတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အမျိုးသားက လားရှိုးအိမ်ကို ပြန်တာ။ တိုက်ပွဲတွေ အရင်နှစ်ကလို မရှိတော့လို့ သူက အဲဒီမှာနေတာ။ ကျွန်မတို့ အဆက်အသွယ်ရပါတယ်။ အခု MNDAA က ဆုတ်နေပါပြီ။ လားရှိုး ကလေ။ ဘယ်လို ပုံစံ ပြောင်းလဲတယ်ဆိုတာတော့မသိပေမဲ့ MNDAA ကတော့ ပြောင်းနေပြီ”ဟု လားရှိုးမြို့ပေါ်နေသူတစ်ဦးနဲ့ဆက်သွယ်နေသူက MT News ကို ပြောသည်။
ယင်းအပြင် မြန်မာ့တပ်မတော်အနေဖြင့် လားရှိုးမြို့ကို ပြန်လည် အုပ်ချုပ်တော့မည်ဖြစ်သော ကြောင့် MNDAA စခန်းချရာဒေသများဖြစ်သော သိန္နီ၊ နမ့်စလပ်၊ ကျောင်းခမ်း၊ နားတီး ဒေသတစ်လျှောက် စခန်းများမှလည်း ထွက်ခွာနေကြပြီ ဖြစ်ကြောင်း သိန္နီမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုထားသည်။

“လားရှိုးကိုတိုက်တော့ ကြားရသလောက် PDF လူငယ်တွေ အများကြီးပါသလို၊ သေကြေပျက်စီးတာလည်း အတော်များတယ်ဆိုတယ်။ ခု ကိုးကန့်က ပြန်ပေးတော့မယ်။ ပြန်ပေးရခြင်းအကြောင်းတရားကတော့ ရှိမှာပေါ့လေ။ လူပြိန်းကြိုက်ဆင်ခြေတွေလည်းပါမှာပဲ။ အဓိကအချက်က လူငယ်တွေရဲ့ အသက် သွေး ချွေး အလကားဖြစ်ရတယ်။ ဒီအတွက် တာဝန်က ဘယ်သူ့မှာရှိတာလဲ။ စစ်တပ်ကြောင့်ဖြစ်ရတာဆိုတာက ခုမေးခွန်းရဲ့ အဖြေမဟုတ်ဘူး။ ကြိုပြီးတစ်ခါတည်းပြောထားတာ။ လူငယ်ကတော့ လူငယ်စိတ် အတွေး ဆုံးဖြတ်ပုံပဲရှိမှာ။ မှားတယ်မပြောရက်ဘူး။ ကျည်လွတ်မိုးလွတ်အရပ်တွေက လူလွန်မသားတွေကိုပဲ ပြောနေတာ”ဟု ယင်း ဒေသခံ လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုထားသည်။
MNDAA အနေဖြင့် ၎င်းထိန်းချုပ်ဒေသများဖြစ်သည့် မုံးကိုး၊ သိန္နီ ၊ လောက်ကိုင်၊ ကွတ်ခိုင် တို့ကို ခရိုင်တစ်ခု သတ်မှတ်ထားသည့်အပြင် လားရှိုးမြို့(AD) တံတားတစ်ဖက်ခြမ်းထိကိုလည်း သိန္နီခရိုင်အတွင်း ထည့်သွင်း သတ်မှတ်ထားခဲ့ကြောင်း သိရသည်။
လားရှိုးမြို့မှာ တပ်မတော်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်ပြီး ၂၀၂၄ ဩဂုတ်လ ပထမပတ်အတွင်း ကိုးကန့်- MNDAA နှင့် PDF ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်သိမ်းယူခြင်းကို ခံခဲ့ရခြင်းလည်း ဖြစ်သည်။
