MT News
၃. ၄. ၂၀၂၅
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီးအချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယမန်နေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဂျပန်နိုင်ငံ JICA မှ ဆရာဝန်များ၊ သူနာပြုဆေးအဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ ပါဝင်သော လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။



အဆိုပါအဖွဲ့နှင့် ကယ်ဆယ်ရေးအထောက်ကူပြုပစ္စည်းများတွင် ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ မိုးကာတဲများ၊ ဆေးရုံသုံးပစ္စည်းများ ၁၁၂၂၉ ဒသမ ၁ ကီလိုဂရမ် (၁၂ ဒသမ ၃၇၈ တန်) ပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းနိုင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အလှူပစ္စည်းများ လွှဲပြောင်း/လက်ခံရေး ကွပ်ကဲမှုအဖွဲ့(လေဆိပ်)တို့မှ လွဲပြာင်းရယူပြီး ငလျင်ဒဏ်သင့် ဒေသများသို့ စောလျင် စွာသွားရောက်နိုင်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဂျပန်နိုင်ငံမှ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် မြေပြင်အခြေအနေအရ လိုအပ်သည့်ဆေးဘက်ဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်ရန်ရောက်ရှိလာသည့် ဂျပန်နိုင်ငံ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့တွင် JICA ဝန်ထမ်းနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များအပါအဝင် အဖွဲ့ဝင် ၃၂ ဦး ပါဝင်ကြောင်း သိရသည်။
