◾ ယခုအချိန်တွင် ကူညီကယ်ဆယ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေရသည့်အပြင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အန္တရာယ်နှင့် နိုင်ငံရေးအမြတ်ထုတ်လိုမှုများရှိသောကြောင့် အကောင်းဆုံး ချိန်ဆဆောင်ရွက်နေရဟု ဆို
◾ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် လုံခြုံရေးကင်းစခန်းများသာမက ကူညီကယ်ဆယ်ရေးယာဉ်များကိုပါ PDF များက ချောင်းမြောင်းပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း SAC ထုတ်ပြန်
၃. ၄. ၂၀၂၅
Written by Nyein Kyaw
အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြောင်းကြား သတင်းပို့လာပါက နိုင်ငံတော်အစိုးရအနေဖြင့် ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း SAC သတင်းပြန်ရေးအဖွဲ့က ဧပြီလ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်အနေဖြင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများအားလက်ခံ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပစ္စည်းများလက်ခံသည့်လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာနိုင်ငံများမှ သံရုံးများ၊ စစ်သံရုံးများမှတစ်ဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်သွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ လက်ရှိလူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြလျက်ရှိသည့် တရုတ်ကြက်ခြေနီအသင်း ယာဉ်တန်း ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ၎င်းအဖွဲ့အနေဖြင့် မိမိတို့နိုင်ငံ၏ သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးများကို ဆက်သွယ်ခဲ့ခြင်းမရှိခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
ဖြစ်စဉ်အနေဖြင့် နောင်ချိုမြို့နယ်၊ အုန်းမတီး ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာသည် တပ်မတော်နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွားဖြစ်ပွားနေသည်ကို သတင်းစာမျက်နှာများတွင် အများပြည်သူများ မြင်တွေ့ကြရမည်ဖြစ်သည်။ ယခုဖြစ်စဉ်မှာ ဧပြီလ ၁ ရက်နေ့ ည ၉ နာရီချိန်ခန့်တွင် မော်တော်ယာဉ် ၉ စီးခန့်ပါဝင်သည့်ယာဉ်တန်းသည် နောင်ချိုမြို့ဘက်မှထွက်ခွာလာခဲ့ ပြီး အုန်းမတီးရွာအနီးအရောက်တွင် တပ်မတော်လုံခြုံရေးအဖွဲ့များမှ လိုအပ်သည့် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများဆောင်ရွက်နိုင်ရေး မီတာ ၂၀၀ ဝန်းကျင်အကွာမှစ၍ တားဆီးခဲ့ရာရပ်တန့်ခဲ့ခြင်းမရှိသောကြောင့် မီတာ ၁၀၀ ခန့်အကွာသို့ အရောက်တွင် သေနတ်အား မိုးပေါ်ထောင်၍ ၃ ချက်ပစ်ဖောက်ခဲ့သဖြင့် အဆိုပါယာဉ်တန်းမှာ နောင်ချိုမြို့ဘက်သို့ ပြန်လှည့်သွားခြင်းဖြစ်သည်ကို တွေ့ရှိရသည်။
အထက်ပါဖြစ်စဉ် မတိုင်မီ နိုင်ငံတကာတွင်လည်းကူညီနေသည့် တရုတ်နိုင်ငံမှ Blue Sky ကူညီကယ်ဆယ်ရေးအဖွဲ့သည် မတ်လ ၃၁ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး မန္တလေးမြို့သို့ ဧပြီလ ၁ ရက် မနက် ၁ နာရီမထိုးမီ ရောက်ရှိခဲ့ကာ အဆိုပါအဖွဲ့အတွက် လုံခြုံရေးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လမ်းတစ်လျှောက် ဆောင်ရွက်ပေးခဲ့ပြီး မန္တလေးမြို့အထိ အန္တရာယ်ကင်းစွာရောက်ရှိခဲ့ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပေးခြင်း၊ အကြောင်းကြားခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ယခုအချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်နေရသည့်အပြင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အန္တရာယ်လည်းရှိသည့်အတွက် လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးအမြတ်ထုတ်လိုမှုများရှိသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကောင်းဆုံးဖြစ်စေရေး ချိန်ဆ၍ ဆောင်ရွက်နေရသည်။
အဆိုပါ ယာဉ်တန်းပစ်ခတ်ခံရသည်ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ တပ်မတော်အနေဖြင့်သာမက တာဝန်ရှိသူများကပါ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အချို့မီဒီယာများတွင် ယာဉ်တန်းပစ်ခံရသည့် ဖြစ်စဉ်၌ မော်တော်ယာဉ်ပုံများသည် မြန်မာနိုင်ငံမှ မော်တော်ယာဉ်နံပါတ်များပါသည့် ကုန်တင်ကားများ ဖြစ်သည်ကို တရုတ်ကြက်ခြေနီအသင်းဟု စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင်အခက်အခဲများဖြစ်ပေါ်နေချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ စာနာထောက်ထားပေးခြင်း၊ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများ နိုင်ငံများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ကြိုတင်အကြောင်းကြားခြင်း အသိပေးခြင်းများ၊ လုံခြုံရေးအကူအညီရယူ ဆောင်ရွက်ခြင်းတို့အား ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်အတွက်လည်း မေတ္တာရပ်ခံလိုပါသည်။
ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသည့် အဖွဲ့အစည်းများ၏ ကောလဟလသတင်းထုတ်လွှင့်ချက်များကို ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန်လိုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပါဝင်ဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းများအတိုင်း အကြောင်းကြား သတင်းပို့လာပါက နိုင်ငံတော်အစိုးရအနေဖြင့် အမြဲတမ်းလက်ကမ်းကြိုဆိုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ငလျင်ဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေမှုများကို အခွင့်ကောင်းယူ၍ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် လုံခြုံရေးကင်းစခန်းများသာမက ကူညီကယ်ဆယ်ရေးယာဉ်များကိုပါ PDF များက ချောင်းမြောင်းပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူလူထုများ ပြင်းပြင်း ထန်ထန် ထိခိုက်ခံစားခဲ့ရပြီး အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တစ်သီးပုဂ္ဂလကူညီကယ်ဆယ်သူများသည် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်လက်တွဲကာ ဘေးသင့်ပြည်သူများအား လူမျိုးဘာသာ၊ ရန်သူမိတ်ဆွေမခွဲခြားဘဲ အရောင်းအသွေးကင်းစွာဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား နေ့မနား ညမအား အင်တိုက်အားတိုက် ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းသို့ဆောင်ရွက်နေသည့်အတွက် လုံခြုံရေးလုပ်ငန်းများ အားနည်းနေမှုကို အခွင့်ကောင်းယူကာ လူမဆန်စွာဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း၊ အင်အားအနည်းငယ်သာရှိသည့် လုံခြုံရေးကင်းစခန်းတစ်ခုအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း၊ ကူညီကယ်ဆယ်ရေးယာဉ်အား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်းတို့အား လုပ်ဆောင်လာသဖြင့် တပ်မတော်က ဟန့်တားဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ လုပ်ဆောင်ခဲ့ရမှုအပေါ် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် အွန်လိုင်းမီဒီယာများနှင့် ပြည်ပမီဒီယာအချို့က ပုံကြီးချဲ့ကားကာ ငလျင်ဘေးဒဏ်သင့်နေချိန်တွင်ပင် တပ်မတော်ကလေကြောင်း တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြေပြင်အခြေအနေအမှန်ကို မသိရှိဘဲ တစ်ဖက်သတ်လုပ်ကြံ စွပ်စွဲရေးသားဖော်ပြနေမှုများကို တွေ့ရှိနေရကြောင်း ဖော်ပြထားသည်။
NUG အဖွဲ့၊ ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို သတိထားစောင့်ကြည့်၍ ၎င်းတို့၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက်ပြုရာရောက်သည့် ပြောဆိုရေးသားဖော်ပြမှုများကို သတိပြုရှောင်ကြဉ်သင့်ကြောင်း အသိပေးထားသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲတမ်းလမ်းဖွင့်ပေးထားလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးကို ခုတုံးလုပ်၍ နိုင်ငံရေးအမြတ် မထုတ်ရန်လိုကြောင်းနှင့် မဟုတ်မမှန် စွပ်စွဲထုတ်ပြန်မှုများကို ရှောင်ကြဉ်သင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။








