MT News
Written by Ye Kyaw
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အနေဖြင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားသည်။
“ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးလုပ်ဆောင်သွားပါမယ်” ဟု ဦးအေးဝင်းက ပြောကြားသည်။
ကုန်သည်စက်မှုအသင်းချုပ်၏ အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ပထမအကြိမ် (အ- ၁/ ၂၀၂၂- ၂၀၂၅) ကို ဇန်နဝါရီလ ၁၉ ရက်တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ အလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စက်သုံးဆီဆိုင်ရာ အခက်အခဲများ၊ ပလတ်စတစ် လုပ်ငန်းများတွင် သွင်းကုန်လိုင်စင် ကြန့်ကြာနေခြင်း အခက်အခဲများ၊ လျှပ်စစ်မီးရရှိမှု အခက်အခဲများ၊ ကျောက်ထုတ်လုပ်ငန်းများတွင် တွေ့ကြုံရသောအခက်အခဲများကို တင်ပြခြင်း၊ ရာဘာလုပ်ငန်းများတွင် တရားမဝင်တင်ပို့နေမှု တားဆီးကာကွယ်ပေးစေရေးများ၊ စက္ကူနှင့် ပျော့ဖတ်တွင် သွင်းကုန်လိုင်စင်များ အမြန်ဆုံးခွင့်ပြုပေးစေလိုခြင်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်သွင်း ခွင့်ပြုနိုင်ရေးစသည့် အခက်အခဲများအား တွေ့ကြုံနေရမှုများအား တင်ပြခဲ့ကြခြင်း အပေါ် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
