
၃၀. ၃. ၂၀၂၅
Written by Tha Doe
စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီတော်မြတ်အတွင်းနှင့် သကျမိတာ သီလရှင် အဆောက်အဦအတွင်း ပြိုကျသူများကို ကယ်ဆယ်ရာမှ သီလရှင်တစ်ပါးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၅ လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်အတွင်း အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ သေဆုံးသူ(၂)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သကျမိတာသီလရှင်စာသင်တိုက် အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ယနေ့တွင်ပင် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ သီလရှင်(၁)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် သီလရှင်(၃)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းမြို့ရှိ ပြိုကျနေသော ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်များအတွင်း ပိတ်မိသေဆုံးနေသူများအား ကယ်ဆယ်နေရာ ယနေ့ နေ့လယ်အထိ လူ ၉၀ ကျော် အလောင်းရရှိထားပြီး ၃၇ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
