
၃၀. ၃. ၂၀၂၅
Written by Thettant
စစ်ကိုင်းမြို့ရှိ ပြိုကျနေသော ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်များအတွင်း ပိတ်မိသေဆုံးနေသူများအား ကယ်ဆယ်နေရာ ယနေ့ နေ့လယ်အထိ လူ ၈၈ အလောင်းရရှိထားပြီး ၃၆ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က)(၁)စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေးရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက်နှင့် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့အတွင်း ပိတ်မိနေသူများအား စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အထက်ပါ နေရာများအား ကူညီကယ်ဆယ်ရာတွင် စတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ ၃၆ ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ(၈၈)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

စစ်ကိုင်းမြို့သည်လည်း ငလျင်ဘေးဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် မြို့ဖြစ်သော်လည်း အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်နေမှု၊ ကူးသန်းသွားလာရေးလမ်းကြောင်းများ ပြတ်တောက်နေမှုကြောင့် ကူညီကယ်ဆယ်မှုအားနည်းနေသည်ဟုလည်း မြို့ခံများနှင့် ပတ်သက်ဆက်နွှယ်သူများက လူမှုကွန်ရက်တွင် တစ်ဆင့်ပြန်လည် မျှဝေနေကြသည်။
