
၃၀. ၃. ၂၀၂၅
Written by Thettant
မတ်လ ၂၈ ရက်က စစ်ကိုင်းနှင့် မန္တလေးအကြားဗဟိုပြုကာ ပြင်းအား ၇ ဒသမ ၉ အဆင့်ဖြင့် ဆိုးရွားစွာလှုပ်ခတ်ခဲ့မှုကြောင့် လူနှင့် လမ်းတံတားအဆောက်အအုံထောင်သောင်းချီသေဆုံးပျက်စီးခဲ့သော မြန်မာ့ငလျင်ဘေး ကူညီပေးရန်
ဗီယက်နမ်နိုင်ငံက စစ်အင်ဂျင်နီယာတပ် စေလွှတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့တွင် စစ်အင်ဂျင်နီယာတပ်မဟာ တပ်မှူး၏ အမိန့်ကို လက်ခံရရှိပြီးနောက် စစ်အင်ဂျင်နီယာ တပ်မဟာ ၂၂၉ သည် ၎င်း၏ ဌာနခွဲများနှင့် တပ်ဖွဲ့ဝင်များအား လိုအပ်သော ပြင်ဆင်မှုများ ပြည့်စုံစွာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး ည ၉ နာရီအချိန်တွင် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးသွားရောက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

ထို့နောက် စစ်အင်ဂျင်နီယာတပ်မှ ဒုတိယဗိုလ်မှူးကြီး ဟိုကွမ်တူးနှင့် တာဝန်ရှိသူများက ပစ္စည်းကိရိယာများ၊ ယာဉ်များကို စစ်ဆေးခြင်း၊ တပ်မဟာ ၂၂၉ အဖွဲ့ဖွဲ့စည်းပုံကို ပြန်လည်စိစစ်ပြီး တပ်ဖွဲ့ဝင်များအား တာဝန်များခွဲဝေခြင်း၊ စိတ်ဓာတ်မြှင့်တင်ခြင်းနှင့် လှုံ့ဆော်မှုများ ပြုလုပ်ခြင်းနှင့် စစ်ရေးနိုင်ငံရေးဌာန၏ လမ်းညွှန်ချက်များကို နားလည်သဘောပေါက်အောင် သင်ကြားပို့ချပေးခြင်းများ ပြုလုပ်ခဲ့သည်။
ကယ်ဆယ်ရေးရောက်ရှိလာမည့် တပ်မဟာ ၂၂၉ ၏ ကယ်ဆယ်ရေးအဖွဲ့တွင် စုစုပေါင်း တပ်ဖွဲ့ဝင် ၃၀ ဦး ပါဝင်ကာ အရာရှိ ၆ ဦးက ကွပ်ကဲမည်ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့တွင် ခေတ်မီပြီး ရွေ့လျားလွယ်ကူသော အင်ဂျင်နီယာပစ္စည်းများဖြစ်သည့် DESA အသံဖမ်းစက်၊ ရေဒါနှင့် အသံ/ပုံရိပ်ဖမ်းစနစ်၊ ပြိုကျနေသောအပျက်အစီးပုံများအောက်မှ လူများကိုရှာဖွေရန် PO-900 လက်ကိုင်စက် စသည့် ကိရိယာများနှင့် အခြားလိုအပ်သော နေထိုင်ရေးဆိုင်ရာပစ္စည်းများ ပါဝင်ကာ ရွေးချယ်ခံရသူများမှာ နိုင်ငံရေးရပ်တည်ချက်ခိုင်မာပြီး ကျွမ်းကျင်မှုရှိသော၊ ကျန်းမာရေးကောင်းမွန်သော၊ အချို့တပ်ဖွဲ့ဝင်များသည်အင်္ဂလိပ်စကားပြောနိုင်သော၊ ယခင်က ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးသောသူများဖြစ်သည့်အပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံရေးစံနှုန်းများနှင့် ကိုက်ညီသောသူများ ဖြစ်ကြကြောင်းလည်း သိရသည်။