
MT News
၃၀. ၃. ၂၀၂၅
မတ်လ ၂၈ ရက်က စစ်ကိုင်းနှင့် မန္တလေးအကြားဗဟိုပြုကာ ပြင်းအား ၇ ဒသမ ၉ အဆင့်ဖြင့် ဆိုးရွားစွာလှုပ်ခတ်ခဲ့မှုကြောင့် လူနှင့် လမ်းတံတားအဆောက်အအုံထောင်သောင်းချီသေဆုံးပျက်စီးခဲ့သော မြန်မာ့ငလျင်ဘေးအတွက် ထိုင်းနိုင်ငံက အထူးတပ်ဖွဲ့ စေလွှတ်ကူညီခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၃၀ ရက်တွင် ထိုင်းအစိုးရမှ ထိုင်းတော်ဝင်ကြည်းတပ်၏ အထူးတပ်ဖွဲ့ဝင် ၅၅ ဦးအား မြန်မာနိုင်ငံသို့အထူးလေယာဉ်ဖြင့်စေလွှတ်ခဲ့ပြီး စေလွှတ်ရခြင်းအကြောင်းရင်းမှာ ယခုလက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော သဘာဝဘေးဒဏ်အား လူသားချင်းစာနာမှုဖြင့်ကူညီလိုခြင်းနှင့် နေပြည်တော်နှင့်မန္တလေးရှိ အန္တရာယ်ကျရောက်နေသော ထိုင်းလူမျိုးများအားသွားရောက်ကယ်ဆယ်ရန်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ဖော်ပြသည်။

အထူးတပ်ဖွဲ့ထဲတွင် စီမံခန့်ခွဲရေးအဖွဲ့၊ စစ်ဗိုလ်များပါဝင်သောအဖွဲ့၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်ကူညီနိုင်ရန်ဆေးအဖွဲ့ ပျက်စီး ဆုံးရှုံးမှုများအားစစ်ဆေးရေးအဖွဲ့နှင့်
ဆက်သွယ်ရေးအဖွဲ့ အစရှိသည်တို့ ပါဝင်လာသည်။

ရန်ကုန်ရှိ ထိုင်းသံရုံးနှင့်ထိုင်းအဖွဲ့မှလည်း Thanwit Yomchinda (ထိုင်းစစ်သံမှူး) ၊ Mr.Ittimon Sumitpaibul(ပထမအတွင်းဝန်) ၊ Mr.Chanat Anantapanyasut (ဒုတိယအတွင်းဝန်) နှင့် သံရုံးဝန်ထမ်းများအားစေလွှတ်ပေးမည်ဖြစ်ပြီး ငလျင်ဘေးအန္တရာယ်အား ကူညီထောက်ပံ့ပေးရန်နှင့် ဧပြီလ ၃ ရက်နေ့တွင် အောင်မြင်စွာကယ်ဆယ်ပြီးဆုံးနိုင်စေရန် ထိုင်းသံရုံးက မျှော်လင့်ထားသည်။
ယခုကျရောက်ခဲ့သော ငလျင်ဘေးဒဏ်သည်ထိုင်းနိုင်ငံအား ရိုက်ခတ်မှုရှိသော်လည်း မြန်မာ နိုင်ငံ၏အိမ်နီးချင်းဖြစ်သောထိုင်းနိုင်ငံမှလည်းမြန်မာနိုင်ငံအတွင်း အသက်ဆုံးရှုံးရသူများ၊ ထိခိုက်နစ်နာသူများ၊ပျောက်ဆုံးနေသူများ၊ ငလျင်ဘေးဒဏ်ခံနေရသူများနှင့်အတူ ထပ်တူဝမ်းနည်းမှုရှိပြီး အထောက်အပံ့နှင့်အကူအညီများကို အစွမ်းကုန်ပေးအပ်သွားမည်ဖြစ်သည်ဟု သိရသည်။