
◾ သမ္မတ ရှီ မလာမီ ဝါရှင်တန်၌ အလှအပကြိုတင်ပြင်ဆင်ရေးပါ ထရန့်ပြော
၁၈.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်ဟာ မကြာမီကာလမှာ အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ကို အလည်အပတ်လာရောက်မှာဖြစ်လို့ ဝါရှင်တန်မြို့ကိုလည်း တရုတ်သမ္မတခရီးစဉ်အတွက် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေတယ်လို့ မတ်လ ၁၇ ရက်က ပြောခဲ့ပါတယ်။
သူတို့နှစ်နိုင်ငံအကြား ကုန်သွယ်စည်းကြပ်ခွန် အပြန်အလှန်ပြဌာန်း အငြင်းပွားမှုတွေဖြစ်နေတဲ့အကြား နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအနေနဲ့ အစောဆုံး ဧပြီလမှာ တွေ့ဆုံဆွေးနွေးကြဖို့ စဉ်းစားနေကြတယ်လို့ သတင်းတွေထွက်ပေါ်လာအပြီးမှာ ထရန့်က ခုလိုပြောကြားခဲ့တာပါ။
ထရန့်က ဒီလအစောပိုင်းမှာ တရုတ်နိုင်ငံက တင်သွင်းကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြဌာန်းခဲ့ပြီးနောက် တရုတ်အစိုးရကလည်း အမေရိကန်မှ တင်သွင်းကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း ပြဌာန်းကာ တုံ့ပြန်ခဲ့တာပါ။
John F. Kennedy Center for the Performing Arts မှာကျင်းပခဲ့တဲ့ ဝါရှင်တန်မြို့အတွင်းသမ္မတရှီရဲ့ ခရီးစဉ်အတွက် အလှအပကြိုတင်ပြင်ဆင်ဖို့ အားထုတ်မှုတွေကို ဘုတ်အဖွဲ့ဆွေးနွေးပွဲတစ်ခုမှာ ထရန့်က ခုလိုပြောကြားခဲ့တာပါ။ ဒီဘုတ်အဖွဲ့မှာ အရင်သမ္မတ ဂျိုးဘိုင်ဒန် က တာဝန်ပေးခဲ့သူတွေကို ဖယ်ရှားခဲ့ပြီးနောက် ထရန့်က ဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလအတွင်းက တာဝန်ယူခဲ့တာပါ။

ဝါရှင်တန်မြို့ရဲ့လမ်းတွေနဲ့ပတ်သက်လို့ ထရန့်က “ရှီက သိပ်မကြာမီကာလမှာ ဝါရှင်တန်ကိုလာတော့မှာပါ။ ဒါပေမယ့် မြို့ရဲ့ လမ်းတွေက အိုမင်းပြီး အခြေအနေဆိုးဝါးနေတယ်”လို့ ပြောခဲ့ပါတယ်။
ထရန့်က သူ့ရဲ့”ပထမ ငါးနှစ်သမ္မတသက်တမ်းအတွင်းကဆိုရင် ဝါရှင်တန်မြို့ဟာ အခြေအနေအရမ်းကောင်းတယ်။ မြို့တော်အနေနဲ့ ရှင်းလင်းသန့်စင်ပြီး အထူးသဖြင့် အိုးမဲ့အိမ်မဲ့တွေရဲ့စခန်းတွေနဲ့ နံရံတွေပေါ်မှာ လက်သရမ်းရေးခြစ်ထားတာတွေကို ရှီရဲ့ အလည်ခရီးမတိုင်မီ ကြိုတင်ပြင်ဆင်မှုမှာ ဖယ်ရှားရမယ်လို့လည်း ထရန့်က ပြောခဲ့တာပါ။

မတ်လဆန်းပိုင်းကတော့ ထရန့်အနေနဲ့ ရက်အတိအကျမပြောနိုင်ပေမယ့် ဧပြီလအတွင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သေးတာပါ။
အစည်းအဝေးမှာတော့ ထရန့်က ရှီကို ဖလော်ရီဒါပြည်နယ်ရှိ သူ့ရဲ့ မာအာလာဂို ကိုယ်ပိုင်စံအိမ်ကြီးကိုလည်း လာရောက်လည်ပတ်စေချင်တယ်ဆိုတာ ပြောခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဒီအိမ်ကြီးမှာ ၂၀၁၇ ခုနှစ်ကလည်း တွေခဲ့ကြရတာပါ။ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ကတော့ ဝါရှင်တန်မြို့မှာဖြစ်ဖြစ် ဒါမှမဟုတ် ထရန့်ကို တရုတ်နိုင်ငံကို ဖိတ်ခေါ်လို့ပဲဖြစ်ဖြစ် ပိုပြီးတရားဝင်ဖြစ်တဲ့နောက်ခံနေရာမှာ သမ္မတနှစ်ဦးတွေ့ဆုံကြဖို့ ပိုလိုလားတယ်လို့ သိရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖိန် က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း အမေရိကန်ပြည်ထောင်စုကို နောက်ဆုံးသွားရောက်ခဲ့ပါသေးတယ်။ အဲဒီတုံးကလည်း နိုင်ငံကြီးနှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်လာနေတာကို လျော့ကျစေဖို့ ထရန့်မတိုင်ခင်က ဒီမိုကရက်ပါတီသမ္မတ ဂျိုးဘိုင်ဒန်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
Ref- SCMP, CNA