၁၅.၃.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရက ဝီဂါ (Uyghur) လူမျိုးစု ၄၀ ကို ပြည်နှင်ဒဏ်ပေး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်းက ပြန်လည်ပို့ပေးခဲ့မှုတွင် ယခင်နဲ့ ယခု ထိုင်းအစိုးရတာဝန်ရှိသူတွေကို အမေရိကန်ပြည်ထောင်စုအတွင်း ပြည်ဝင်ခွင့်ဗီဇာတွေ တင်းကျပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက မတ်လ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးက လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလိုလုပ်ရပ်တွေကို တရုတ်အစိုးရက ပြုလုပ်နေတာအတွက် အမေရိကန်အစိုးရက ရှုတ်ချတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ အခုလို ဗီဇာပိတ်ပင်မှုက ဝီဂါနဲ့တခြားလူမျိုးစုတွေကို တရုတ်နိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ရေး အခြားသောအစိုးရတွေကို ဖိအားပေးဖို့ တရုတ်အစိုးရရဲ့ အားထုတ်မှုတွေကို တိုက်ဖျက်မယ့် အမေရိကန်အစိုးရသစ်ရဲ့ မူဝါဒတစ်စိတ်တစ်ပိုင်းလို့လည်း ကြေညာချက်ထုတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လူနည်းစု လူမျိုးစု အုပ်စုဝင်တွေဟာ ညှင်းပန်းနှိပ်စက်မှုတွေခံနေရပြီး အတင်းအကြပ် လုပ်ဆောင်မှုတွေကြောင့် ပျောက်ဆုံးမှုတွေလည်းရှိနေတာကြောင့် ဝီဂါတွေကို တရုတ်နိုင်ငံကို အဓမ္မ ပြည်နှင်ဒဏ်ပေး ပြန်ပို့မယ့်အစိုးရတွေနဲ့ ဗီဇာကန့်သတ်မှုမူဝါဒက သက်ဆိုင်မယ်လို့လည်း မာကိုက ပြောခဲ့ပါတယ်။
ထိုင်းအစိုးရကတော့ ဖေဖော်ဝါရီလ ၂၇ ရက်က ဝီဂါတွေကို ပြည်နှင်ဒဏ်ပေး ပြန်ပို့ခဲ့ရတာက တရုတ်အစိုးရထံမှမလိုလားအပ်တဲ့ တုံ့ပြန်မှုတွေကို ရှောင်ရှားဖို့ အကောင်းဆုံးဖြေရှင်းမှုလို့ ကာကွယ်ပြောကြားခဲ့ပါသေးတယ်။ ဒါ့ပြင် ဝီဂါလူမျိုးစုတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တရုတ်အစိုးရကလည်း အာမခံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရက ထိုင်းနိုင်ငံအပေါ် စစ်ဘက်အာဏာသိမ်းမှုတွေအပြီးမှတောင် ဒီလောက်ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေကို မလုပ်ခဲ့ဘူးလို့ ဆိုကြပါတယ်။
Ref – Bangkok Post
