MT News
Written by Ye Kyaw
ကမ္ဘာ့ရွှေဈေးမြင့်တက်မှုဟုဆိုကာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းခန့်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းမှာ ဇန်နဝါရီ ၁၈ ရက် နေပိုင်းတွင် ၂,၇၇၀,၀၀၀ ကျပ်သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း ပြင်ပရွှေဈေးကွက်မှ သိရသည်။
ပြင်ပရွှေဈေးကွက်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းမှ စတင်၍ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၂၈ သိန်းအထိ စတင်ဖြစ်လာခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျပ် ၂၉ သိန်းခန့်အထိ အမြင့်ဆုံးမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းများမှာ ဇန်နဝါရီ ၉ ရက်တွင် ၂,၇၇၇,၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ၂,၈၀၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ၂,၈၃၇,၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ၂,၈၇၇,၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၃ ရက်တွင် ၂,၈၅၅,၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ၂,၈၅၀,၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် ၂,၇၈၅,၀၀၀ ကျပ်၊ ဇန်နဝါရီ ၁၇ ရက်တွင် ၂,၇၇၀,၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းများမှာ ၂,၇၀၀,၀၀၀ ကျပ် အောက်တွင်သာရှိပြီး ကောလဟာလအမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှာ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်ဆွဲချလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းသို့ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်တွင်းရွှေဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ယနေ့မှသာ ရွှေဈေးနှုန်း အကျဘက်သို့ ပြန်လည်ဦးတည်လာခြင်းဖြစ်သည်။ ယနေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဒေါ်လာ ၁၉၁၃ ရှိပြီး ဇန်နဝါရီ ၉ ရက်တွင်ရှိခဲ့သည့် ဒေါ်လာ ၁၈၇၇ နှင့် နှိုင်းယှဥ်လျှင် ဒေါ်လာ ၅၀ ခန့် မြင့်တက်လျှက်ရှိနေသည်။
