
၁၄. ၃. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ဒေါ်လာ ၄ ဒသမ ၅၉၄ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လအတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသည့်ကဏ္ဍ ၇ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၆၀ ဒသမ ၇၄၅ သန်းသာ ဝင်ရောက်ထားသည်။
နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများလည်း တုံ့ဆိုင်းခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၆ ဒသမ ၀၁၈ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။
