
MT News
၁၄.၃. ၂၀၂၅
ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party -PPP) က အိန္ဒိယလွှတ်တော်အမတ် Leishemba Sanajaoba၏ မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယပိုင်အဖြစ်သိမ်းယူရန် အဆိုတင်သွင်းမှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်သည်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် Leishemba Sanajaoba သည် ၂၀၂၅ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံအပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းရန် အဆိုကို တင်သွင်းခဲ့သည်ကို အိန္ဒိယသတင်းဌာနများ၏ ၂ဝ၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ဖော်ပြချက်များအရ သိရှိရသည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်မတိုင်မီအချိန် မြန်မာဘုရင်များလက်ထက်ကတည်းကပင် ကဘော်ချိုင့်ဝှမ်းဒေသမှာ မြန်မာနိုင်ငံအပိုင်ဖြစ်ခဲ့ပြီး ပထမ အင်္ဂလိပ်-မြန်မာစစ်အတွင်း မဏိပူရ်မင်းသား Gambhir Singh သည် မြန်မာနိုင်ငံအပိုင် ကဘော်ချိုင့်ဝှမ်းဒေသအား သိမ်းပိုက်ရယူသွားသည်။ မဏိပူရ် ဘုရင်ဟောင်း Marjit Sing လက်ထက်တွင် ကဘော်ချိုင့်ဝှမ်းဒေသအား ဗမာတို့က ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ဗြိတိသျှလူမျိုးရေး အရေးပိုင်ဖြစ်သူ ဗိုလ်ချုပ်ကြီး Burney က မြန်မာပိုင်အဖြစ် အသိအမှတ်ပြုခဲ့ကာ ၁၈၃၄ခုနှစ်တွင် ကဘော်ချိုင့်ဝှမ်းဒေသကို မြန်မာနိုင်ငံသို့ပြန်လည်အပ်နှင်းခဲ့သည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်မှုမှာ (၁၀၁၀)မိုင်ရှည်လျားပြီး (၉၀၇)မိုင်အား နှစ်နိုင်ငံအစိုးရများ အချင်းချင်းတိုင်းထွာသတ်မှတ်ပြီး ဖြစ်ပြီး ယခုကဘော်ချိုင့်ဝှမ်းဒေသည် နယ်နိမိတ်စည်းမျဉ်း တိုင်းထွာ သဘောတူထားပြီးသော ဧရိယာများ ဖြစ်သည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြားသတ်မှတ်ချက်အနေဖြင့် ၂၀၁၄ခုနှစ်မေလ(၈)ရက်နေ့တွင် ချုပ်ဆိုထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ လည်း ရှိပြီးဖြစ်သည်။
အိန္ဒိယအထက်လွှတ်တော်အမတ် Leishemba Sanajaoba ၏ ယခုကဲ့သို့ အဆိုတင်သွင်း ပြောဆိုမှုများသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအား ပျက်စီးစေနိုင်ခြင်း၊ နှစ်နိုင်ငံပြည်သူများအကြားနှင့် နယ်စပ်ဒေသရှိမျိုးနွယ်စုများအကြား မလိုမုန်းထား ရန်မီးတောက်စေနိုင်ခြင်းနှင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာအား တိုက်ရိုက် ထိပါး စော်ကားရာ ရောက်ခြင်းတို့ကြောင့် မိမိတို့ ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့် Leishemba Sanajaoba ၏ ကဘော်ချိုင့်ဝှမ်းဒေသနှင့် ပတ်သက်သော ပြောဆိုတင်သွင်းမှုများအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက ထုတ်ပြန်ကြေညာထားသည်။
ထို့အတူ ကဘော်ချိုင့်ဝှမ်းဒေသသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဒေသတိုင်းတာပြီးစီးမှုများအရ မြန်မာပိုင်နက်ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံဘက်ရှိ နိုင်ငံရေးသမားတချို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် မလုပ်ဆောင်သင့်ကြောင်းနှင့် မြန်မာ့အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
