
MT News
၁၀. ၃. ၂၀၂၅
ရုရှားသမ္မတနှင့် ဘယ်လာရုစ်သမ္မတတို့၏ ဖိတ်ကြားချက်အရ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ထံ နိုင်ငံတော်အဆင့်ခရီးစဥ်ကို မတ်လ ၃ ရက်မှ ၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး SAC ဥက္ကဋ္ဌ၏ အောင်မြင်သော ခရီးစဥ်အပြီး တရုတ်နိုင်ငံ၏ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း နေပြည်တော်ရောက်ရှိလာကာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ယနေ့ တွေ့ဆုံခဲ့သည်ဟု သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး ရှေးရှုကာ နှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားဆွေးနွေးခဲ့သည်။

ထို့အတူ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် တိုးမြင့်လာလျက်ရှိသည့် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရသည်။
