Photo- ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း
၁၈. ၁. ၂၀၂၃
Written By Myo Khine
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာအုပ်စု၊ ပလ္လင်ပြင်မူဆလင်(ရွာသစ်)တွင် ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သော ၄ လောင်းပြိုင်လူသတ်မှုမှ နှစ်ဦး ဖမ်းမိထားကြောင်း သိရသည်။
သေဆုံးသူများမှာ ပလ္လင်ပြင်မူဆလင်ကျေးရွာမှ ဦးဘော်ဒီရာမန် အသက်(၆၅)နှစ်နှင့် ၎င်း၏ ဇနီး ဒေါ်ဖာတေဘာခါတူ အသက်(၅၅)နှစ်၊ သားဖြစ်သူ ဦးဘော်ဆီရာမောက် အသက်(၃၅)နှစ်နှင့် သမီး ဖြစ်သူ ဒေါ်အာလီမာခါတူ အသက် (၃၇)နှစ်တို့ဖြစ်ကြောင်း သေဆုံးသူများကို ကူညီပေးသည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက MT News သို့ ပြောသည်။
ယင်းတို့မှာ မိသားစုအမွေကိစ္စ စကားများကာ အချေအတင်ဖြစ်ပွားကြရမှ လူသတ်မှုကျူးလွန်သည်ထိ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရကာ ယင်းပလ္လင်ပြင်ရွာသစ်ကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွားကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းသို့ အကူညီတောင်းခံလာသဖြင့် အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့ရာတွင် အသတ်ခံရသူ မိသားစု ၄ ဦးစလုံးမှာ ဓားခုတ်ခံရသည့် ဒဏ်ရာအချက်ပေါင်းများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ အသတ်ခံရသူများအလောင်းကို စစ်တွေပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“သတ်ခံရတဲ့သူတွေမှာ မိသားစုအမွေကိစ္စနဲ့ ပြဿနာဖြစ်နေတာကြာပြီလို့ သိရပါတယ်။ သတ်တဲ့သူက ၆ ယောက်လို့ ပြောပါတယ်။ သေတဲ့ ဦးဘော်ဒီရာမန်ရဲ့ ညီအငယ်ဆုံး အပါအဝင် ၆ ယောက်လို့ သိရတယ်။ ကျူးလွန်သူ ၆ ယောက်လုံးကတော့ ထွက်ပြေးသွားတာ ဖမ်းမမိသေးဘူးလို့ သိရပါတယ်”ဟု ကိုသာဂီဖြိုးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်လှစ်၍ စုံစမ်းရှာဖွေရာ ယခုအခါ ဆော်ဒီရာမန်နှင့် အဘူလာရှိန်းဆိုသူတို့ နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်းနှင့် ကျန်သူများကိုလည်း ဆက်လက်ဖော်ထုတ်နေကြောင်း သိရသည်။



