၁၈. ၁. ၂၀၂၃
Written by Ye Kyaw
သင်္ဘောသားများ (Seamen Passport) နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ခွင့်ပြုချက်အရ ဦးစားပေးအဆင့်အဖြစ်လျှောက်ထားနိုင်ရန်အတွက် ရေကြောင်းဦးစီးဌာန (DMA)၏ ဦးစီးဦးဆောင်မှုဖြင့် MSF (Myanmar Seafarers Federation) နှင့် MSESF (Myanmar Seafarer Employment Services Federation) တို့မှ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
“မလုပ်ပေးတော့ဘူးဆိုတာလေ ကျွန်မတို့ဆီက လုပ်ပေးခွင့်မရှိတာရယ်။ နောက်ပြီးတော့ ထွက်မယ့် SRPS ကနေ သွားရမှာပေါ့။ သူကလွှတ်တဲ့ဆီပေါ့။ သင်္ဘောသားရုံးတို့ ဒေါပုံတို့ အဆင့်ဆင့်တင်ရတယ်ရှင့်။ ကိုယ်ထွက်မယ့် သင်္ဘောလိုင်းကို အရင်မေးကြည့်ပေါ့နော်။ သူတို့ဘာဆက်လုပ်ရမလဲပေါ့။ အဲဒီလိုမျိုးမေးကြည့်ရမှာပါ။ ကျွန်မတို့အသင်းက လုပ်ခွင့်ရရင် ပြန်ထုတ်ပြန်ပေးမှာပါ” ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
လက်ရှိအချိန်တွင် သင်္ဘောသားများ Passport သက်တမ်းတိုးရာတွင် QR Code ရပြီးသော်လည်း ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သက်တမ်းတိုးရန်အတွက် Passport စာအုပ်များပါ သက်ဆိုင်ရာဌာနဆိုင်ရာများသို အပ်နှံထားပြီးဖြစ်နေ၍ အခက်ခဲများကြုံတွေ့နေရကြောင်း သိရသည်။
“Passport သက်တမ်းတိုးဖို့ကို ကုမ္ပဏီကလုပ်ပေးတယ်။ Green Chanel ဆိုပြီးတော့ အစ်ကိုတို့က ကိုယ့်ဟာကိုယ် QR Code တွေယူထားပြီး ဒီ ၉ ရက် ၁၀ ရက်မှာ လုပ်ရမဲ့ဟာတွေ အစ်ကိုတို့ကုမ္ပဏီက သင်္ဘောသားရုံးကို သွားတွေ့ခိုင်းတယ်။ သွားတွေ့တော့ အစ်ကိုတို့မပါဘူးတဲ့။ နောက်လုပ်ပေးမဲ့သူတွေပါတာတဲ့။ မင်းတို့တွေက Passport ရုံးဖွင့်တော့မှ လုပ်လို့ရမယ်တဲ့။ အဲဒီကျမှ စာအုပ်ထုတ်လို့ရမယ်တဲ့။ အစ်ကိုတို့ စာအုပ်အဟောင်း သက်တမ်းတိုးတာ အခုက စာအုပ်တွေက သူတို့ဆီမှာ ရောက်နေပြီးသွားပြီ” ဟု Passport သက်တမ်းတိုးရန် ဆောင်ရွက်နေသည့် သင်္ဘောသားတစ်ဦးက MT News သို့ ပြောကြားသည်။
လက်ရှိထုတ်ပြန်ချက်များအရ သင်္ဘောသားများ (Seamen Passport) နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားရန်အတွက် Online မှရက်ချိန်းကြိုတင်ရယူထားရန်နှင့် ဦးစားပေးလျှောက်ထားမည့်ရက်တွင် ပူးတွဲတင် ပြရန်။ SRPS ထံ မှ အလုပ်ခန့်စာနှင့်အထွက်နေ့ ဖော်ပြထားသည့် ထောက်ခံစာ (မူရင်း + မိတ္တူ) တင်ပြရန်။ မိမိကိုယ်တိုင်ထွက်ခွာမည့် ရက်မှန်ကန်ကြောင်းစာ (မူရင်း+မိတ္တူ) တင်ပြရန်။ နိုင်ငံကူးလက်မှတ်လျှောက်ခြင်းအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲရုံး (ရန်ကုန်) သို့ သွားရောက်လိုသည့် ရက်မတိုင်မီ (၇) ရက်ကြိုတင်၍ အဖွဲ့ချုပ်သို့လျှောက်ထားရန်။ တစ်ရက်လျှင် လျှောက်ထားသူ ဦးရေ ၂၀ သာ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံကူးလက်မှတ်ဦးစားပေးအဆင့်လျှောက်ထားမှုအတွက် နေ့စဉ် နေ့လည် (၁) နာရီမှ (၃) နာရီအတွင်းသာ ပြုလုပ်ပေးမည်ဖြစ်ပြီး (စနေ၊ တနင်္ဂနွေနှင့်အစိုးရ ရုံးပိတ်ရက်များမပါ) ထုတ်ပေးထားသည့် QR Code အား Scan လုပ်၍ ကြိုတင်မှတ်ပုံတင်ပြီးမှ လိုအပ်သည့်စာရွက်စာတမ်းများယူဆောင်ပြီး အဖွဲချုပ်ရုံးသို့ လာရောက်ရန် စသည်ဖြင့် အသိပေးထားသည်။
