၁၇. ၁. ၂၀၂၃
Written by Ye Kyaw
ယခုဇန်နဝါရီလအတွင်း စတင်ဖွင့်လှစ်ခဲ့သည့် စစ်တွေဆိပ်ကမ်းသစ်မှ ပြည်ပသို့ ဆန်ကိုသာ အဓိကတင်ပို့နိုင်သေးပြီး အခြားသော ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ကုလားတန်ဆိပ်ကမ်းက ကုန်သွယ်မှုကတော့ စနေပြီ။ ပြည်ပတင်ပို့မှုကတော့စနေပါပြီ။ ပြည်ပတင်ပို့မှုကတော့ ဆန်တန်ချိန် ၂,၅၀၀ ကို ပြီးခဲ့တဲ့အပတ်ကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စတင်ပြီးတော့ တင်ပို့ပါတယ်။ ကျန်တာတွေတော့ မရှိသေးဘူး။ ကုန်သွယ်မှုမှာလည်း ဒီဘက်ကတင်ပို့တာပဲရှိသေးတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောကြားသည်။
ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မည့် သင်္ဘောများ စစ်တွေဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး အခြားသော ကုန်စည်တင်ပို့ခြင်းနှင့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့မှ တင်သွင်းသည့် ကုန်စည်များ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း လက်ရှိတွင် ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံတကာသင်္ဘောများ ဝင်ရောက်မှုနှင့် ထွက်ခွာမှုအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ပြည်တွင်းသင်္ဘောများ ဝင်ရောက်နိုင်ရန်အတွက်လည်း လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေး၊ နိုင်ငံတကာသင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ် တိုးချဲ့တူးဖော်ရေးနှင့် ချင်းပြည်နယ် ပလက်ဝမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖောက်လုပ်ရေးများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ စစ်တွေဆိပ်ကမ်းဖွင့်လှစ်ပြီးနောက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရာ၌ သင်္ဘောလိုင်းတစ်ခုထားရှိရန်အပြင် အပတ်စဥ် သို့မဟုတ် လစဥ် သင်္ဘောပြေးဆွဲနိုင်ရန် ကုန်သည်များ၊ များလုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိသည်။
အဆိုပါ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စိမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံက ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
