
MT News
၂.၃. ၂၀၂၅
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံ (Red Carpet Cinema) အဖြစ် ထားရှိဆောင်ရွက်ရန် လိုအပ်သည်များ ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝဇီရာရုပ်ရှင်ရုံ၏ တည်နေရာသည် ဆူးလေစေတီတော်အနီး ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာတွင် တည်ရှိနေသဖြင့် ရုပ်ရှင်လုပ်ငန်းများကိုသာမက အနုပညာနှင့်ဆက်စပ်သည့် အခြားလုပ်ငန်းများ အားလုံးကိုလည်း ဆောင်ရွက်နိုင်သည့် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့သို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများအား မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအနုပညာများ၊ မြန်မာတို့၏ ယဉ်ကျေးမှုအကအလှပသာဒများဖြင့် ဖျော်ဖြေတင်ဆက်၍ မိမိတို့၏ ယဉ်ကျေးမှုတန်ဖိုးများ မြင့်မားပြန့်ပွားအောင် လုပ်ဆောင်နိုင်သည့် အနေအထားရှိသည်။
ဝဇီရာရုပ်ရှင်ရုံအား ၁၉၂၄ ခုနှစ်ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်၌ တည်ရှိကာ ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။ မူလအမည်မှာ New Excelsior ရုံဖြစ်ပြီး ၁၉၄၂ ခုနှစ်ခန့်တွင် အေဝမ်းရုပ်ရှင်ရုံအဖြစ်လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ဝဇီရာရုပ်ရှင်ရုံအဖြစ်လည်းကောင်းအမည်များ ပြောင်းလဲခဲ့ကြောင်း သိရသည်။
ဝဇီရာရုပ်ရှင်ရုံကြီးကို ပြင်ဆင်ထိန်းသိမ်းပြီးပါက ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့် နေရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များ ကျင်းပခြင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ရှေးဟောင်းအမွေအနှစ် ပြတိုက်တစ်ခုအဖြစ် လည်ပတ်ရန် နေရာတစ်ခုအဖြစ် ဖန်တီးခြင်း၊ စနေ၊ တနင်္ဂနွေနေ့များတွင် ရှေးဟောင်းဇာတ်ကားများ ပြသခြင်း၊ ရုပ်သေးပွဲများပြသခြင်း၊ ရုပ်ရှင်နှင့်ပတ်သက်သည့် ပြခန်းများ ပြသခြင်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
