




၂.၃.၂၀၂၅
Written by Hey Mar
လူငယ်သူငယ်ချင်းတစ်သိုက် ဟော့ပေါ့စားရင်း ဂတ်စ်အိုးပေါက်ကွဲမီးလောင်တာကြောင့် အသေးစားထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ ဒီနေ့ မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ မြေပြင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မကွေးမြို့၊ ကမ်းနားလမ်း၊ ညစျေးအတွင်းက စားသောက်ဆိုင်မှာ ဖြစ်ပွားခဲ့ပြီး ဂတ်စ်ဗူးအသေးနဲ့ တွဲလျှက်သုံးတဲ့မီးဖိုက ဂတ်စ်အိုးခလုတ်ဖွင့်ပြီးမီးညှိစဉ်မှာ ပေါက်ကွဲခဲ့တာကြောင့် လူငယ် လေးဦးအနက် မိန်းကလေးတစ်ဦးနဲ့ ယောက်ျားလေးတစ်ဦးမှာ မျက်နှာ ၊ ဆံပင်၊ လက်တွေမှာ မီးဟပ်ကာ အပူလောင်ခဲ့တာလို့သိရပါတယ်။
မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ထိခိုက်တာက ဆယ်ကျော်သက် လူငယ်တွေပါ။ မစိုးရိမ်ရဆိုပေမယ့် ပါးတို့ လက်တို့ အရေခွံလောင်တဲ့ အခြေအနေတော့ ဖြစ်သွားပါတယ်။ ဒါ အသေးစားမတော်တဆဖြစ်တာဆိုပေမယ့် သတိထားသင့်တဲ့ အရာမျိုးပါ။ ဂတ်စ်ယိုစိမ့်နေတော့ ခလုတ်ဖွင့် မီးညှိတဲ့အချိန် ဂတ်စ်အငွေ့ပျံတဲ့ နေရာတစ်ဝိုက် မီးထတောက်ပေါက်ကွဲခဲ့တာပါ။ မီးငြှိမ်းသတ်ရတဲ့ အကြီးစားအခြေအနေမဟုတ်တော့ မီးသတ်တပ်ဖွဲ့ရောက်မလာပေမယ့် လူထိခိုက်မှု ဖြစ်စဉ်အတွက်တော့ သက်ဆိုင်ရာက စစ်ဆေးတာတွေ ရှိမှာပါ” လို့ MT Newsကို ပြောပါတယ် ။
အဆိုပါဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ (မစိုးရိမ်ရ) အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ကို
မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနဆီ မြေပြင်လူမှုကူညီရေးအသင်းက ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
