
၂.၃.၂၀၂၅.
Translated by Htwe Ko Tun
ဗြိတိန်(ယူနိုက်တစ်ကင်းဒမ်း)နိုင်ငံ ဝန်ကြီးချုပ် ကား စတမ်မာနဲ့ ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်စကီးတို့ဟာ ယူကရိန်းကို ချေးငွေ စတာလင်ပေါင် ၂ ဒသမ ၂၆ ဘီလျံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ) ထောက်ပံ့ပေးဖို့အတွက် သဘောတူညီချက်တစ်ရပ်ကို လန်ဒန်မြို့မှာ မတ်လ ၁ ရက်က လက်မှတ်ထိုးခဲ့ကြပါတယ်။
အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်း သမ္မတဗိုလိုဒီမာ ဇယ်လန်စကီး တို့ရဲ့ယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးအတွက် သဘောတူညီချက်လက်မှတ်ထိုးဖို့ ဖေဖော်ဝါရီလ ၂၈ ရက် ဆွေးနွေးပွဲက အဆင်မပြေမှုတွေနဲ့ ပြီးဆုံးခဲ့ပြီးတဲ့နောက် ဇယ်လန်စကီးကိုလည်း အိမ်ဖြူတော်မှ ထွက်သွားဖို့အထိ သမ္မတ ထရန့်က ပြောတာခံခဲ့ရပြီးတဲ့နောက် သူက ဗြိတိန်၊ လန်ဒန်မြို့ကို ဆက်လက်ရောက်ရှိလာတာပါ။
ဒီနောက်မှာတော့ ဇယ်လန်စကီးက ယူကရိန်းစစ်ပွဲမှာ ရုရှားက အသာစီးသဘောတူညီချက်နဲ့ ပြီးဆုံးမှာကို စိုးရိမ်နေကြတဲ့ ဥရောပထိပ်သီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကား စတမ်မာနဲ့ ဆက်လက်တွေ့ဆုံခဲ့ပြီး ချေးငွေ သဘောတူညီချက်ကိုလက်မှတ် ထိုးခဲ့တာပါ။ ဒီချေးငွေက ဂျီ-၇ နိုင်ငံ တွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ပစ္စည်းဥစ္စာတွေရဲ့ တန်ဖိုးအစိတ်အပိုင်းပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ဒီ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ပစ္စည်းဥစ္စာတွေကနေ ယူကရိန်းကို ချေးငွေပေးဖို့ ဂျီ-၇ ခေါင်းဆောင်တွေက ERA စီမံချက်အရ သဘောတူခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက် ဗြိတိန်နိုင်ငံက ဆက်လက်ရပ်တည်သွားမှာပါ။ ဒီနေ့ သဘောတူညီချက်က ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည်တွေ ခိုင်မာလာစေဖို ဖြည့်ဆည်းပံ့ပိုးပေးတာပါပဲလို့ ယူကရိန်းဘဏ္ဍာရေးဝန်ကြီး ဆာဟီ မာချန်ကိုက ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒီချေးငွေက ယူကရိန်းအတွက် လိုအပ်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဂျီ-၇ နိုင်ငံတွေကခေါင်းဆောင်တွေဟာ ယူကရိန်းကို ချေးငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ခန့် ပံ့ပိုးပေးဖို့ကတိပြုခဲ့ကြတဲ့ သဘောတူညီချက်တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ရရှိခဲ့ကြပါတယ်။ အမေရိကန်က ဒီချေးငွေမှာ ဒေါ်လာ ဘီလျံ ၂၀ ပါဝင်ဖို့သဘောတူခဲ့ပါတယ်။ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့က ဒေါ်လာ ၁၉ ဒသမ ၄ ဘီလျံ၊ ကနေဒါက ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ၊ ဂျပန်က ဒေါ်လာ ၃ ဒသမ ၀၇ ဘီလျံနဲ့ ဗြိတိန်က ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ ချေးငွေတွေ အသီးသီးပေးဖို့လည်း သဘောတူခဲ့ကြတာပါ။
ဂျီ-၇ နိုင်ငံတွေရဲ့ ERA စီမံချက်အရ ယူကရိန်းက အမေရိကန်ပြည်ထောင်စုဆီက ဒေါ်လာတစ်ဘီလျံနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေဆီက ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ ရခဲ့ပြီလို့ သိရပါတယ်။
အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ရုရှားပိုင် ပစ္စည်းဥစ္စာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ခန့် ကို ကန့်သတ် ထိန်းချုပ်ထားတာပါ။ ဒီအချိန်မှာ သူတို့အနေနဲ့ အဆိုပါငွေမှရတဲ့ဝင်ငွေ နှစ်စဉ် ခန့်မှန်းခြေ ဒေါ် လာ ၃ ဒသမ ၂ ဘီလျံကိုသာ ဝင်ငွေရှိမှာဖြစ်ပြီး ဒီကမှ အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ကို ယူကရိန်းကို ပြန်ချေးကြမှာဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကား စတမ်မာက ဇယ်လန်စကီးနဲ့တွေ့ဆုံစဉ်မှာ ဗြိတိန်အနေနဲ့ ဇယ်လန်စကီးနဲ့ ယူကရိန်းကို မဟာမိတ်အနေနဲ့ အပြည့်အဝ ဆက်လက်ထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
Ref- The Kyiv Independent
.
