၂၈.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုကို အခုရက်ပိုင်းအတွင်းမှာပဲ ဒုတိယမြောက်ရောက်ရှိလာတဲ့ အနောက်အုပ်စုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗြိတိန် (ယူနိုက်တစ်ကင်းဒမ်း)ဝန်ကြီးချုပ် ကားစတမ်မာဟာ ဖေဖော်ဝါရီလ ၂၇ ရက်မှာတော့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သူတို့ဆွေးနွေးပွဲမှာတော့ ဥရောပဒေသငြိမ်းချမ်းရေးအတွက်အပါအဝင် အရေးပါတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ထရန့်က သူတို့နှစ်ဦးရဲ့ဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်ရမယ့် အဆင့်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ သူက ဆွေးနွေးပွဲအပြီးမှာတော့ အမေရိကန်နဲ့ ဗြိတိန်အကြား အထူးဆက်ဆံရေးက တစ်စုံတစ်ရာထိခိုက်မှု မရှိပါဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ထရန့်က ရုရှားနဲ့ ယူကရိန်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ တိုးတက်မှု အများကြီးရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ကားစတမ်မာကတော့ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားနဲ့မဟာမိတ်နိုင်ငံတွေကို အသာစီးပေးမယ့် ဘယ်ငြိမ်းချမ်းရေးသဘောတူညီချက်မျိုးကိုမဆို လက်မခံဖို့ ထရန့်ကို တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။
ထရန့်က သူ့အစိုးရအနေနဲ့ ရုရှားနဲ့ ယူကရိန်းတို့နဲ့ အလွန်ကောင်းမွန်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တဲ့အပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့လည်း သဘောတူညီချက်တစ်ခုရရှိဖို့ အလားအလာရှိနေချိန်မှာ ယူကရိန်းကိုနောက်တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်မယ်လို့ မယုံကြည်ဘူးလို့ပြောခဲ့ပါတယ်။ ယူကရိန်းမှာ ငြိမ်းချမ်းရေးဆောင်ရွက်နေတုံး ဥရောပကို ပူတင်က ဝင်ရောက်တိုက်ခိုက်ခဲ့ရင် အမေရိကန်အနေနဲ့ သူတို့ဘက်က ရပ်တည်ကူညီမလားဆိုတဲ့မေးခွန်းကိုတော့ ထရန့်က ဗြိတိန်အနေနဲ့ ဒီလိုအကူအညီအများကြီးမလိုပါဘူးလို့ ဖြေခဲ့ပါတယ်။
ဆွေးနွေးကျူးကျော်ပွဲအပြီးမှာ သတင်းထောက်တစ်ယောက်က ကာစတန်မာကို အမေရိကန် သမ္မတ ထရန့်က ကနေဒါကို အမေရိကန်ပြည်ထောင်စုရဲ့ ၅၁ ခုမြောက် ပြည်နယ်အနေနဲ့ ကျူးကျော်လိုတဲ့ဆန္ဒအပေါ် ဆွေးနွေးခဲ့ကြလားမေးခဲ့ရာမှာတော့ သူက “ခင်ဗျားတို့ကျွန်တော်တို့ကြား သွေးခွဲဖို့ကြိုးစားနေကြလား၊ ကျွန်တော်တို့က အနီးကပ်ဆုံးမဟာမိတ်တွေပါ။ ဒီနေ့လည်း အရမ်းကောင်းတဲ့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် ကနေဒါ အကြောင်းမပါဘူး” လို့ တင်းမာစွာတုံ့ပြန်ခဲ့ပါတယ်။
ကနေဒါနိုင်ငံက အရင်က ယူကေရဲ့ ကိုလိုနီနယ်မြေတစ်ခုဖြစ်ပြီး ချားလ်စ်ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်ပြုတာပါ။ ထရန့် က အာဏာရပြီးတဲ့နောက် ကနေဒါဝန်ကြီးချုပ် ထရူးဒေါကို လူမှုကွန်ရက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ ခေါ်ပြီးရေးသားတာတွေ မကြာခဏ လုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်မှာတော့ ယူကရိန်းသမ္မတဇယ်လန်စကီးက မြေရှားသတ္တုတွေနဲ့ဆိုင်တဲ့ သဘောတူညီချက်တစ်ရပ်ပြုလုပ်ဖို့ အမေရိကန်ကို လာရောက်ပြီး ထရန့်နဲ့တွေ့ဆုံဦးမှာပါ။
Ref- CNN
