
၂၇. ၂. ၂၀၂၅
Written by Nay Moe
ရပ်ကျေးအုပ်ချုပ်ရေးမှူးဇနီးမောင်နှံအပါအဝင် လူ ၇ ဦးကို PDF များက သတ်ဖြတ်လုယက်မှုများ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကညင်တန်းကျေးရွာနေ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဦး(၅၈)နှစ်သည် ကညင်တန်းကျေးရွာမှ လက်ပံတန်းမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် လက်ပံတန်း-မှော်အင်းသွားလမ်းဆုံအရောက် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ၎င်းစီးနင်းလာသည့် HONDA CLICK-125 ဆိုင်ကယ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကံမြင့်(၆၇)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းသူ(၄၂)နှစ် နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးသေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနေဝင်း(၅၆)နှစ်သည် တစ်ရွာတည်းနေ ဦးတင်ရှိန်(ခ)ဦးမဲညို(၅၆)နှစ်နှင့်အတူ ၎င်း၏နေအိမ် ခြံဝင်းအတွင်း စကားပြောနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါ သတ်ဖြတ်မှုများအပြင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဦးမြင့်ဇော်ဦး(ခ)နန်းနန်း(၃၈)နှစ်သည် မိခင်ဖြစ်သူ ဒေါ်မကြိုင်(၆၃)နှစ်နှင့်အတူ ကျေးရွာအနီးရှိ လယ်ကွင်းသို့ နွားလှည်းဖြင့် သွားရောက်စဉ် ကျေးရွာ၏အရှေ့ဘက် ၄ ဖာလုံခန့်အကွာနေရာအရောက် အသင့်စောင့်ဆိုင်းနေသည့် PDF နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဇော်ဦး(ခ) နန်းနန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်မကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာ များရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
