
၂၆. ၂. ၂၀၂၅
Translated by Thettant
အာဖဂန်နစ္စတန်နိုင်ငံက ပြည်နယ်နှစ်ခုမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ ၂၉ ဦး သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
အာဖဂန်အနောက်ပိုင်း ဖာရာ့ပြည်နယ်မှာ မိုးသီးကြွေကျမှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တာလို့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန အကြီးအကဲ မိုဟာမက် အစ်ရေးလ် ဆာယာက အတည်ပြုခဲ့ပြီး
သေဆုံးသူတွေဟာ ပျော်ပွဲစားထွက်လာတဲ့ မိသားစုနှစ်စုက ဖြစ်တယ်လို့လည်း AFP သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံ့တောင်ပိုင်း ကန်ဒါဟာမှာလည်း နေရာအများအပြား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
“ဒီနေ့မှာတော့ အဝတ်လျှော်ဖွပ်နေတဲ့ အမျိုးသမီး လေးဦးဟာ ရေကြီးမှုကြောင့် မျောပါသွားခဲ့ရာမှာ အမျိုးသမီးတစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်”တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီလို သေဆုံးမှုတွေအပြင် ကန်ဒါဟာမှာပဲ မိသားစုတစ်စုက အိမ်ခေါင်မိုးပြိုကျလို့ အမျိုးသမီးတစ်ဦးနဲ့ ကလေး သုံးဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦးက ရေနစ်သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။
ဆယ်စုနှစ်များစွာ စစ်ပွဲအပြီး ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်နေတဲ့ အာဖဂန်နစ္စတန်ဟာ ရာသီဥတုဖောက်ပြန်မှုရဲ့ သက်ရောက်မှုများစွာကို ကြုံတွေ့နေရပြီး အစွန်းရောက် ရာသီဥတုကို တွန်းအားပေးနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြသလိုရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံးနိုင်ငံစာရင်းမှာလည်း ဆဋ္ဌမမြောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။
မိုးခေါင်တာ၊ ရေကြီးတာ၊ မြေယာပျက်စီးတာနဲ့ လယ်ယာကုန်ထုတ်စွမ်းအားကျဆင်းတာက အဓိကခြိမ်းခြောက်မှုဖြစ်နေတယ်လို့ အာဖဂန်နစ္စတန်က ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ကိုယ်စားလှယ် စတီဖင်ရော့ဒရီကေးက ပြောကြားထားသလို မနှစ်က မေလအတွင်းမှာလည်း ဘက်ခါရှနီနဲ့ ဟက်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုကြောင့် လူရာပေါင်းများစွာသေဆုံးခဲ့ရသလို စိုက်ပျိုးမြေများစွာလည်း ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေအရ ဟယ်လ်မန်းပြည်နယ်မှာပါ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာကြောင့် ပြည်နယ်သုံးခုမှာ သေဆုံးသူအရေအတွက်က ၃၆ ဦးအထိ ရှိလာပြီး လူ ၄၀ ကျော် ဒဏ်ရာရခဲ့သလို နေအိမ် ၃၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Ref, Tasnim & Azertac
