၁၇. ၁. ၂၀၂၃
Written by Ye Kyaw
Money Changer လိုင်စင်ရကုမ္ပဏီများသည် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်သဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများအား သိရှိပါက သတင်းအချက်အလက်များ ပေးပို့ရန် ဇန်နဝါရီ ၁၆ ရက်တွင် Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများနှင့် တွေ့ဆုံစဥ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
နိုင်ငံခြားငွေများ လဲလှယ်ရောင်းချရာ၌ AML/CFT ဆိုင်ရာဥပဒေ၊ စည်းမျဥ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အမြဲဆက်သွယ်ဆောင်ရွက်၍ လိုအပ်သည့် စာရင်းစစ်အစီရင်ခံစာများကိုလည်း မပျက်မကွက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေစျေးကွက်တွင် မသမာသူများက ဈေးကစားခြင်း၊ ဈေးနှုန်းဆွဲတင်ခြင်းများကြောင့် ပြီးခဲ့သည့်လပိုင်းအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။ ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းလည်းဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ဈေးကွက်အတွင်း USD Liquidity အပြင် လုပ်ခလစာငွေလွှဲ ဝင်ရောက်မှုများမှ ဈေးကွက်အတွင်းသို့ ၄၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၈ သန်း ရောင်းချပေးခဲ့ပြီး ဆက်လက် ရောင်းချပေးမည်ဖြစ်၍ ကောလာဟလများ ထုတ်လွှင့်ပြီး စျေးကွက်မတည်ငြိမ်စေရန် သတင်းထုတ်လွှင့်မှုများကို ယုံကြည်မှုမရှိရန်နှင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းသည်လည်း ပြင်ဆင်ရန် မရှိသေးကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်မှုများကြောင့် ဒေါ်လာဈေးနှုန်းပါ လိုက်ပါမြင့်တက်လျက်ရှိပြီး ယနေ့ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းတွင် ပြင်ပပေါက်ဈေးကွက်တွင် အမေရိကန်တစ်ဒေါ် လျှင် ကျပ် ၂၈၅၀ မှ ကျပ် ၂၈၇၀ ကြားရှိကြောင်း ပြင်ပပေါက်စျေးနှုန်း စျေးကွက်မှ သိရသည်။


