၂၅. ၂. ၂၀၂၅
Written by Nyein Kyaw
ကိုဗစ်-၁၉ ချေးငွေများ ပြန်ဆပ်ရန် သတိပေးထားပြီးဖြစ်သော်လည်း အတိုးအရင်း လုံးဝပြန်မဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၀ ကျော်အား ကုမ္ပဏီ/လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာ အပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့သည်။
အဆိုပါ ချေးငွေများသည် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်၍ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။
ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်- ၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက် ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်းတို့ဖြင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပထမအကြိမ် အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်- ၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/ လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာ အပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
