◾ ဖမ်းမိသူများတွင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် တရုတ် ၅ ဦးအပါအဝင် တရုတ်လူမျိုးချည်း ၁၃၇ ဦး ပါဝင်
၂၁.၂.၂၀၂၅.
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ တရုတ်လူမျိုးတို့ပိုင်တဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတစ်ခုကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာမှာ ကျားဖြန့်စခန်းပိုင်ရှင်ဖြစ်တဲ့ တရုတ်လူမျိုးငါးဦးနဲ့အတူ လူ ၄၅၀ ကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံရဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးကော်မရှင်က ဖေဖော်ဝါရီလ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
ကနဦးစစ်ဆေးမေးမြန်းချက်တွေအရ မနီလာမြို့ရဲ့ဆင်ခြေဖုံးနေရာမှာ အားကစားဘက်ဆိုင်ရာ လောင်းကစားနဲ့ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေနဲ့ တရုတ်နဲ့အိန္ဒိယလူမျိုးတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းကို ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ဝင်ရောက်စီးနင်းမှုအပြီးမှာပြောခဲ့ပါတယ်။ ဖမ်းဆီးမိသူတွေထဲမှာ တရုတ်လူမျိုး ၁၃၇ ဦးပါဝင်တယ်လို့လည်း သိရပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က POGOs လို့ သိကြတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အွန်လိုင်းလောင်းကစားမှု ပြုလုပ်မှုတွေကို ၂၀၂၄ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။ ဒီလို အွန်လိုင်းလောင်းကစားမှုလုပ်ငန်းတွေက လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေကိုတောင်ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ဖုံးကွယ်ဖို့အသုံးပြုနေကြတာလို့ ဆိုကြပါတယ်။
ကော်မရှင်အကြီးအကဲ ခရုဇ်က အခုတစ်ကြိမ်ဝင်ရောက်စီးနင်းမှုနဲ့အတူ ဖမ်းဆီးမိမှုတွေက တားမြစ်ထားတဲ့ ကြားကကို POGOs အလုပ်သမားတွေဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို ဆက်လုပ်နေကြသေးတယ်ဆိုတာ သက်သေပြတာပဲ။ သူက အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ပိတ်ပင်မှုပြုခဲ့တာကစလို့ တရုတ်နိုင်ငံသား ၂၁,၀၀၀ လောက်က အငယ်စားကျားဖြန့်လုပ်ငန်းတွေမှာ ဆက်လက်လုပ်နေကြသေးတယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါသေးတယ်။
ပြီးခဲ့သောနှစ်တွေအတွင်း တခြားအာရှနိုင်ငံတွေအတွင်းမှာ အွန်လိုင်းလိမ်လည်မှုကျားဖြန့်စခန်းတွေ တိုးပွားလာတာက နိုင်ငံတကာမှာ စိုးရိမ်ပူပန်မှုတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ ဒီလုပ်ငန်းတွေက လူကုန်ကူးဓားစာခံရသူတွေကို လှည့်ဖြားခိုင်းစေတာ ဒါမှမဟုတ် အတင်းအဓမ္မခိုင်းစေတာတွေလုပ်ပြီး အယောင်ဆောင်ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုနဲ့ တခြားသော လှည့်ဖြားလိမ်လည်မှုအမျိုးမျိုးကို ပြုလုပ်စေခဲ့တာပါ။
ဖေဖော်ဝါရီလ ၂၀ ရက်က ဝင်ရောက်စီးနင်းဖမ်းဆီးတာက ၂၀၂၅ ခုနှစ်အတွင်းမှာတော့ ကျားဖြန့်စခန်းတွေကို ဖိလစ်ပိုင်မှာ နောက်ဆုံးနှိမ်နင်းဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလကလည်း တရုတ်လူမျိုးတွေအပါအဝင် နိုင်ငံခြားသား ၄၀၀ ခန့်ကို မနီလာမြို့ ဝင်ရောက်စီးနင်းမှုတစ်ခုမှာ ဖမ်းမိခဲ့ပါသေးတယ်။
ဝါရှင်တန်မြို့ အခြေစိုက် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးတက္ကသိုလ်မှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကဲဖြတ်သုံးသပ်အဖွဲ့တစ်ခုက ၂၀၂၄ ခုနှစ် မေလက အစီရင်ခံချက်တစ်ခုမှာတော့ ကမ္ဘာတစ်ဝန်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေမှာ ဓားစာခံတွေအဖြစ် လုပ်ကိုင်နေရသူ သန်းနဲ့ချီနေပြီဖြစ်ပြီး ဒီလုပ်ငန်းတွေက နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄ ဘီလျံခန့် ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
Ref- AFP
