၂၁. ၂. ၂၀၂၅
Translated by Thettant
ချက်သမ္မတနိုင်ငံက လျှော့စျေးနဲ့ရောင်းချတဲ့ Action ဈေးဝယ်စင်တာတစ်ခုမှာ ဆိုင်လုပ်သားအမျိုးသမီးနှစ်ဦးကို ဓားနဲ့ထိုးနှက်တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။


ချက်ရဲ့ မြို့တော်ပရာ့ဂ်အရှေ့ဘက် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့်အကွာ Hradec Kralove မြို့မှာ ကြာသပတေးနေ့ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်သတ်ဖြတ်မှု အကြောင်းအရင်းကို ချက်ချင်းမသိရသေးသလို “အကြမ်းဖက်တိုက်ခိုက်မှု” ရဲ့ အရိပ်အယောင်လည်း မတွေ့ရှိခဲ့ဘဲ တိုက်ခိုက်သူက သားကောင်တွေကို ကျပန်းရွေးချယ်ခဲ့တဲ့ အခြေအနေလည်းဖြစ်ပါတယ်။
သေဆုံးသူတွေကိုလည်း ချက်ချင်းမဖော်ထုတ်နိုင်သေးဘဲ ကနဦးသတင်းတွေမှာ တစ်ဦးက ဒဏ်ရာပြင်းထန်ရုံပဲလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးနှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ အသက် ၁၆ နှစ်အရွယ် ချက်နိုင်ငံသားလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကနေ ၁ ကီလိုမီတာ ( ၀ ဒသမ ၆၂ မိုင်) အကွာမှာ ထိန်းသိမ်းခဲ့ပါတယ်။ အနီးအနားမှာလည်း ဓားတစ်ချောင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်ရပ်နဲ့ ပတ်သက်လို့ ချက်ဝန်ကြီးချုပ် Petr Fiala က သေဆုံးသူတွေရဲ့ မိသားစု ဆွေမျိုးတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သလို “ဒီနေ့ Hradec Kralove မှာ ဖြစ်ပျက်ခဲ့တာဟာ လုံးဝနားမလည်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်ပါပဲ”လို့ X မှာ ရေးသားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်းနဲ့ အများပြည်သူအတွက် အန္တရာယ်မရှိတာကြောင့် မြို့တွင်း လုံခြုံရေးကိုလည်း တိုးမြှင့်မထားဘူးလို့ ပြောခဲ့ပြီး အခြားအသေးစိတ်အချက်အလက်တွေကိုတော့ စစ်ဆေးဆဲလို့ သိရပါတယ်။
Ref, BBC & AFP
