၂၁.၂.၂၀၂၅
Translated by Htwe Ko Tun
အဇာဘိုင်ဂျန်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက BBC သတင်းဌာနရဲ့ အဇာဘိုင်ဂျန်ရုံးခွဲကို ရပ်ဆိုင်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် BBC သတင်းဌာနက သတင်းထောက်တစ်ဦးကို နိုင်ငံအတွင်း လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြောခဲ့ပါတယ်။
ခုလိုရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနက ရှင်းလင်းချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။ ဒါပေမယ့် အဇာဘိုင်ဂျန်အစိုးရအနေနဲ့ သူ့ရဲ့ဆုံးဖြတ်မှုတွေနဲ့ နိုင်ငံခြားသတင်းဌာနတွေနဲ့ဆက်ဆံမှုမှာ အပြန်အလှန်ထိန်းကျောင်းမှု နိယာမနဲ့ ဆောင်ရွက်ဖို့ အမြဲလမ်းညွှန်ထားတယ်လို့ ဆိုခဲ့ပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း နိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်စံနှုန်းအပေါ် စိစစ်မှုတွေ ပိုလို့ တိုးပွားလာနေတာ တွေ့ရပါတယ်။ အခုထိ အနည်းဆုံးသတင်းစာဆရာ ၂၁ ဦး အဇာဘိုင်ဂျန်နိုင်ငံမှာ ဖမ်းဆီးခံရပြီးဖြစ်တယ်လို့ Reporters without Borders က ပြောခဲ့ပါတယ်။
အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်က သတင်းစာဆရာတွေကို ဖမ်းဆီးမှုအပေါ် ဝေဖန်ကြတာကို ပယ်ချခဲ့ပြီး အဇာဘိုင်ဂျန်နိုင်ငံက လွတ်လပ်စွာ သတင်းဖော်ပြပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့အင်တာနက်တို့ရှိတဲ့နိုင်ငံလို့ ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနထံက နှုတ်မိန့်ရရှိပြီးနောက်မှာ နိုင်ငံအတွင်းက BBC ရုံးကို ပိတ်ဖို့ ဝန်လေးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတယ်လို့ BBC က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
BBC သတင်းဌာနက အဇာဘိုင်ဂျန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ နှုတ်မိန့်တစ်ခုပေးအပြီးမှာတော့ BBC အနေနဲ့ အဇာဘိုင်ဂျန်ရှိ သူ့ရဲ့သတင်းဌာနခွဲကိုပိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ BBC က အဇာဘိုင်ဂျန်နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာရှိတဲ့ BBC ပရိသတ်အတွက် ကျွန်တော်တို့ရဲ့ သတင်းတင်ပြနိုင်စွမ်းအပေါ် ခုလိုတားဆီးမှုတွေ ဖြစ်စေတဲ့ တင်းကျပ်မှုကို သတင်းလွတ်လပ်ခွင့်တွေရဖို့ ကြိုးစားသွားမယ်လို့လည်း BBC က ပြောပါတယ်။
BBC ရဲ့ အဇာဘိုင်ဂျန် သတင်းဌာနခွဲကို ၁၉၉၄ ခုနှစ် က စတင်ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်ကို သတင်းဌာနရဲ့ ပရိသတ်ပျမ်းမျှအားဖြင့် တစ်သန်းခန့်ရှိတယ်လို့ဆိုပါတယ်။
Ref- Al Arabiya News
